#Local_News
Published_ 14 March 2024


ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ နှင့်စာရင်းကောက်ယူရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ယင်းကဲ့သို့ဖွဲ့စည်းပြီးဖြစ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းမှ ယခုလိုထည့်သွင်း ပြောထားသည်။

 

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးစိုးသိန်းက  စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ ၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ၁၄.၂.၂၀၂၄ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၂/၂ဝ၂၄) ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ 

 

ထို့ကြောင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ခြင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် စာရင်းကောက်ယူရေးအဖွဲ့များအား ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊  

 

ပြည်သူ့စစ်မှုထမ်း ဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင်အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့် ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းရန် ကာလမှာ ၂၄ လဖြစ်ပြီး တပ်မတော်စက်မှုလက်မှုပညာသည်များအဖြစ် ဆင့်ခေါ်ခံရပါက ၃၆ လ ထက်မပိုသည့်ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန်ဖြစ်ကြောင်း၊ နိုင်ငံတော် တွင်အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင် ကြောင်းကိုလည်း ဥပဒေတွင် ဖော်ပြထားပြီးဖြစ်ကြောင်း၊ 

 

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အတွက် စာရင်းဇယားကောက်ယူရာတွင် တိတိကျကျနှင့် မှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဥပဒေကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေးနှင့် သဘောပေါက်နားလည်စေရေးတို့အတွက် ရှင်းလင်းဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ ကားဂိတ် များ၊ ဈေးများတွင် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်သွားရမှာဖြစ် ကြောင်း၊ လုပ်ဆောင်မှုအခြေ အနေများကို ဗဟိုအဖွဲ့သို့ ပြန် လည်တင်ပြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂)၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ရှင်းလင်းဆွေးနွေးပြီး ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းကရှင်း လင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

#Local_News #ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ #စာရင်းကောက်ယူရေးအဖွဲ့များဖွဲ့စည်းပြီးဖြစ် #tthl #Yangon_Times