Published_ 9 March 2024

အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ၂၀၂၄ခုနှစ်၊ အာဆီယံဆု(ASEAN Prize 2024)အတွက် အဆိုပြု လျှောက်လွှာများခေါ်ယူနေပြီး ဧပြီလ(၂၀)ရက်နောက်ဆုံးထားကာ မြန်မာနိုင်ငံသားများပါဝင်လျှောက်ထားနိုင်ကြောင်းသိရသည်။

ဂုဏ်သိက္ခာကြီးမားသည့် ဒေသဆိုင်ရာဆုတစ်ခုဖြစ်သည့် အာဆီယံဆု ချီးမြှင့်ပေးအပ်ရန် ၂၀၂၄ ခုနှစ်၊အာဆီယံဆု(ASEAN Prize 2024)အတွက် အဆိုပြုလျှောက်လွှာများအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှခေါ်ယူလျက်ရှိသည်ဟု နစက၏နိုင်ငံခြားရေးဝန်ကြီးဌာနမှထုတ်ပြန်ကြေညာထားသည်။

အဆိုပါဆုရရှိသူသည် ဆုတံဆိပ်နှင့် အမေရိကန်ဒေါ်လာ ၂၀၀၀၀ ချီးမြှင့်မည်ဟုASEAN Prize 2024ချီးမြှင့်မည့် အာဆီယံနိုင်ငံဖြစ်သောဖိလစ်ပိုင်‌နိုင်ငံနှင့်မြန်မာ နိုင်ငံခြား‌ရေးဝန်ကြီးဌာနမှလည်းထုတ်ပြန်ထားသည်။

လျှောက်လွှာတင်သွင်းလိုသူများအနေဖြင့်  အာဆီယံအတွင်းရေးမှူးချုပ် ရုံးအင်တာနက်စာမျက်နှာ https:// asean.org/notification-form/တွင် download ရယူကာ အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၉)၊ နေပြည်တော် (သို့မဟုတ်) amns.mofa@gmail. comကို ဧပြီလ(၂၀)ရက်နောက်ဆုံးထား၍ လိပ်မူလျှောက်ထားနိုင်ကြောင်း သိရသည်။

ယင်းအာဆီယံဆုသည် အာဆီယံဒေသတွင်းရှိ လူမှုဘဝများတိုးတက်စေရေး၊လူမှုအဖွဲ့အစည်းများချိတ်ဆက်မှုအားကောင်းစေရေးနှင့်ကပ်ရောဂါကြောင့်ထိခိုက်မှုများအား ပြန်လည်ထူထောင်ရေးအတွက် စံနမူနာအဖြစ် စွမ်းစွမ်းတမံဆောင် ရွက်ပေးကြသည့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများ၏ အောင်မြင်မှုများအား အသိအမှတ်ပြုပေးအပ်သည့်ဆုဖြစ်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group