#Local_News
Publicshed 29 February 2024

ရန်ကုန်မြို့တော်ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့အစည်းအဝေး ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရန်ကုန်မြို့တော်ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့၏ (၁၀/၂၀၂၃-၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်  မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်ရာ ရန်ကုန်မြို့တော်ဘဏ်လီမိတက် အမှုဆောင်အရာရှိချုပ် ဦးကျော်သန်းက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဘဏ်လုပ်ငန်းဆောင်ရွက်မှုနှင့် ဘဏ္ဍာငွေကြေးအခြေအနေများကို တင်ပြခဲ့ကြောင်းသိရသည်။

 

ယင်းတင်ပြချက်များတွင်  “ရငွေသုံးငွေအခြေအနေ၊ ရငွေရရှိမှုအခြေအနေ၊ အသုံးစရိတ် သုံးစွဲမှုအခြေအနေ၊ အတိုးဝင်ငွေနှင့် အတိုးပေးငွေများအခြေအနေ၊ အပ်ငွေများ၊ ချေးငွေ၊ ချေးငွေအသစ်ထုတ်ချေးမှု၊ ရွှေပိတောက်ငါးဈေးရှိ ဆိုင်ခန်းများသို့ ချေးငွေအသစ်ထုတ်ချေးမှု၊ ဆပ်ချေးအဖြစ် ပြန်လည်ထုတ်ချေးမှု၊ ချေး‌ငွေတစ်ချို့တစ်ဝက် ပြန်လည်ပေးဆပ်မှု၊ တရားစွဲအမှုတွဲများအခြေအနေ၊ ငွေတိုက်စာချုပ်နှင့် လက်မှတ်များ၊ စာရင်းသေအပ်ငွေ၊ ဘဏ်အချင်းချင်းချေးငွေ၊ ငွေလက်ကျန်၊ ဘဏ်ချေးငွေ၊ အပ်ငွေနှင့်ငွေသားပိုင်ဆိုင်မှု၊ ငွေပေးအမိန့်လွှာ (Payment Order-PO) ထုတ်ပေးမှုအခြေအနေ၊ AML/CFT ဆိုင်ရာညွှန်ကြားချက်များလိုက်နာဆောင်ရွက်မှု၊  အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်နှင့် မတည်ငွေရင်း တိုးမြှင့်ထည့်ဝင်မှု”တို့ကို ရှင်းလင်းတင်ပြပြီး ဘဏ္ဍာရေးအချိုးများဖြင့် စိစစ်ချက်များဖြစ်သော မတည်ငွေရင်းလုံလောက်မှုအချိုး၊ ရပိုင်ခွင့်နှင့်‌ ပေးရန်တာဝန်များ၊ ငွေကြေးဆပ်နိုင်အားအချိုး၊ အပ်ငွေနှင့်ချေးငွေအချိုး၊ ငွေကြေးလွယ်ကူမှုအချိုးတို့ကို တင်ပြ၍ “ငွေကြေးလွယ်ကူမှုခံနိုင်ရည် စစ်ဆေးချက် Liquidity Stress Test” အရ ငွေဖြစ်လွယ်သည့် ပိုင်ဆိုင်မှုများ လျော့နည်းကျဆင်းမှုကို ကောင်းစွာခံနိုင်ရည်ရှိပြီး ကောင်းမွန်သည့် ငွေကြေးလွယ်ကူမှု အခြေအနေရှိကြောင်း” တင်ပြခဲ့ကြောင်း သိရသည်။

 

ထို့နောက် ဒါရိုက်တာ ဦးသန်းထိုက်နှင့် ဒေါက်တာတိုးအောင်တို့က ချေးငွေသစ်လျှောက်ထားလာသည့် ကိစ္စများကိုလည်းကောင်း၊ အထွေထွေမန်နေဂျာ ဦးထွန်းလှက ချေးငွေအရင်းအတိုး အကြေပေးဆပ်ပြီး ချေးငွေပြန်လည်ထုတ်ချေးရန် လျှောက်ထားသည့်ကိစ္စနှင့် ချေးငွေသက်တမ်းတိုးမြှင့်ရန် လျှောက်ထားသည့်ကိစ္စများကိုလည်းကောင်း၊ အမှုဆောင်အရာရှိချုပ် ဦးကျော်သန်းက အထွေထွေကိစ္စရပ် များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက အပြန်အလှန် ဖြည့်စွက်ဆွေးနွေးကြပြီး ဘဏ်ဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ တင်ပြသည့် အမှာစာ(၈)စောင်အပေါ် ဆုံးဖြတ်ခြင်း၊ အတည်ပြုခြင်း၊ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

 

#Local_News #ရန်ကုန်မြို့တော်ဘဏ်လီမိတက် #ဒါရိုက်တာအဖွဲ့ အစည်းအဝေးပြုလုပ် #YMG/ NN #Yangon_Times