Published 26 February 2024

ပဲမျိုးစုံ ဈေးနှုန်းနှင့်အတူ ပဲကြီးဈေးများပါ ကျဆင်းနေကြောင်း မန္တလေးပဲနှမ်းဈေးကွက်မှ သိရသည်။

ယနေ့တွင်ပဲကြီး ၅၅ဒဿမ ၂၅ ပိဿာ ဝင်တစ်အိတ်လျှင် ကျပ် ၃၁၀,၀၀၀ မှ ၃၂၀,၀၀၀ကျပ် အထိဈေးနှုန်းရှိနေပြီး တစ်လတာအတွင်းတစ်အိတ်လျှင် ကျပ် လေးသောင်းခန့်အထိကျဆင်းနေကြောင်းသိရသည်။

" ပြည်ပတင်ပို့တဲ့ ပဲတွေလည်းအိန္ဒိယ ဘက်က သတင်းစကားတွေကြောင့် ကျလာတယ်၊ ပဲကြီးက ပြည်တွင်းအဓိကစားတာပေမယ့် သူလဲကျတယ်၊ အသစ်‌ဝင်တာလည်းများတယ်၊ ဝယ်လိုအားလည်းကျတယ်ပေါ့ ၊ အဲ့တာကြောင့်ကျတာ " ဟု ပဲနှမ်းကုန်သည် ဦးမျိုးကြီးက ပြောသည်။

ပဲကြီးသီးနှံအခြောက် အား ပဲကြော်၊ ပဲကြီးလှော်၊ ပဲဖူးကြော်၊ နှစ်ပြန်ကြော် စသည်ဖြင့် ပဲကြော်ဖိုလုပ်ငန်းသမားများက ထုတ်လုပ်ရောင်းချကြကြောင်းသိရသည်။

"ပဲကြီးကအစိုလည်းစားကြတယ်၊အခြောက်လည်းစားကြတယ်၊ အဓိက  ပဲကြော်ဖိုလုပ်ငန်းသမားတွေက  ဝယ်ယူသိုလှောင်ကြတယ်" ဟု၎င်းကဆက်ပြောသည်။

  ပဲကြီးသီးနှံသည် မိုးနှောင်းကာလဖြစ်သော ဇူလိုင်လနှင့် ဩဂုတ်လများတွင် စတင်စိုက်ပျိုးလာကြပြီး မြန်မာလအနေဖြင့် တော်သလင်းလကုန်အမီ အပြီးစိုက်ပျိုးကြကြောင်းသိရသည်။

ထို့အပြင် မိုးစပါးစိုက်ပျိုးသည့်ဒေသများတွင် မိုးစပါးစိုက်ပျိုးစဉ်ကာလ လယ်ကန်သင်းဘောင်များတွင် ပဲကြီးသီးနှံအား စိုက်ပျိုးကြပြီး ၊ မြေအမျိုးအစားအားလုံးတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း နုန်းမြေကိုပို၍ ကြိုက်နှစ်သက်ကြောင်းသိရသည်။

မိုးစပါးစိုက်ပျိုးမှုမရနိုင်သောဒေသများတွင် ပဲကြီးသီးနှံကို ဇူလိုင်လတွင်စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလအတွင်း ပန်းပွင့်ကာ ဇန်နဝါရီလတွင် ပဲကြီးသီးနှံများကို စတင်ခူးဆွတ်နိုင်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ဈေးကွက်အတွင်းသို့ ပဲကြီးသီးနှံအသစ်များသည် နှစ်ဆန်းပိုင်းကာလမှစ၍ဝင်ရောက်လာကာ ဖေဖော်ဝါရီလနှင့် မတ်လများတွင် ပဲအထွက်လှိုင်ချိန်ဖြစ်၍ ဈေးကွက်သို့လည်း ပဲကြီးသီးနှံများဝင်ရောက်မှုများပြားလာခဲ့ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group