Published_ 24 February 2024

အကျဉ်းထောင်များမှ ပြစ်ဒဏ်ကျခံခဲ့ပြီး ရက်ပြည့်၍ ပြန်လွတ်မြောက်လာသည့် အကျဉ်းသားများကို ၎င်းတို့၏နေအိမ်သို့ ပြန်ရောက်ရှိ‌စေရန်အ တွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ ခရီးစရိတ်၊စားစရိတ်နှင့် တည်းခိုစရိတ်များထောက်ပံ့ကူညီနေကြောင်း အိုင်စီအာရ်စီ ၏ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလအတွင်းတွင် ရန်ကုန်မြို့၌ရှိသည့်အိုင်စီအာရ်စီအဖွဲ့က ဘေးကင်းလုံခြုံစွာအိမ်ပြန်ရေးအစီအစဥ်ကနေ လွတ်မြောက်လာသူအကျဥ်းသား(၁၆၀)ကို ထောက်ပံ့ကူညီနိုင်ခဲ့သည်ဟုဆိုသည်။

“မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ကျွန်တော်တို့အဖွဲ့တွေက နေအိမ်နဲ့ဝေးကွာနေတဲ့လွတ်မြောက်လာသူတွေကို ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်စေဖို့ သူတို့ရဲ့ အိမ်ပြန်တဲ့ ခရီးစဉ်အတွင်း ခရီးစရိတ်၊ စားသောက်စရိတ်နဲ့ ယာယီတည်းခိုစရိတ်တွေ ထောက်ပံ့ကူညီနေပါတယ်။အခုလက်ရှိအခြေအနေအရ စားသောက်စရိတ်နဲ့ ခရီးစရိတ်တွေကမြင့်တက်နေပြီး အမြန်လမ်းမှာသွားလာခွင့်ကန့်သတ်မှုတွေလည်းရှိနေတော့ အကျဉ်းထောင်ကလွတ်မြောက်လာသူတစ်ချို့က သူတို့အိမ်ကိုရောက်ရှိဖို့အတွက် ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေကို ဖြတ်သန်းသွားလာရမှာပါ။ဒီအသုံးစရိတ်တွေကို ကာမိစေဖို့အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဘေးကင်းလုံခြုံစွာအိမ်ပြန်နိုင်စေရေးအစီအစဥ်က အိမ်ပြန်နိုင်ပြီး မိသားစုနဲ့ ပြန်လည်စုံဆည်းနိုင်ဖို့ ခရီးစရိတ်နဲ့ တခြားလိုအပ်နေတဲ့အထွေထွေစရိတ်တွေ ကာမိစေနိုင်အောင် အကူအညီပေးပါတယ်"ဟု အိုင်စီအာရ်စီရဲ့ ဝန်ထမ်းတစ်ဦးကပြောပြထားသည်ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။

လတ်တလောမှာအကျဥ်းထောင်ကနေ လွတ် မြောက်လာသူတစ်ဦးက" အိမ်ကို ဘယ်လိုပြန်မလဲဆိုတာကိုပဲ တစ်ချိန်လုံးတွေးနေတာပါ၊၊ကျွန်တော့်မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားပြီး အိမ်နဲ့အတော်ဝေးတဲ့ထောင်ကို ရောက်သွားတာပါ။အခုဆိုရင် အိုင်စီအာရ်စီကပေးတဲ့အကူအညီရခဲ့ပြီး ကျွန်တော်လိုတာလေးတွေသုံးလို့ရပါပြီ။ တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့နယ်မှာရှိတဲ့ရွာက ကျွန်တော့်အိမ်လေးကိုပြန်ဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု ပြောခဲ့ကြောင်း  အိုင်စီအာရ်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group