Published 20 February 2024

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မိဇံကျေးရွာတွင်ဧက ၁၀၀နီးပါးရှိသည့်မြေနေရာ၌  မွေးမြူရေးဇုန်သစ် တွင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်‌ကြောင်း ကရင်ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှသိရသည်။

အဆိုပါ ဇုန်သည် ဝက်နှင့်ဆိတ်ကို သီးသန့်မွေးမြူရန်ခွဲခြား ထားပြီးဝက်မွေးမြူရေးဇုန်အတွက် ၄၉ ဒသမ ၀၇ ဧက ၊ ဆိတ်မွေးမြူရေးဇုန် အတွက် ၄၉ ဒသမ ၃၁ ဧက စုစုပေါင်း၉၈ ဒသမ ၃၈ ဧကရှိပြီး  မွေးမြူလိုသည့် လုပ်ငန်းရှင်များလုပ်ကိုင်နိုင်ရန် ခွင့်ပြုပေးထားကြောင်းလည်း သိရသည်။

ယင်း ဇုန်သည် ငွေကျပ် ၂၃၅၉ ဒသမ ၁၅၅ သန်းကျော်ကုန်ကျပြီးအကျယ်အဝန်းအနေဖြင့် ၉၈ ဒသမ ၃၈ ဧကရှိကြောင်း၊ ဝက်နှင့်ဆိတ်ကို သီးသန့်မွေးမြူရန်ခွဲခြား ထားပြီး မွေးမြူလိုတဲ့လုပ်ငန်းရှင်များလုပ်ကိုင်နိုင်ရန် ခွင့်ပြုပေးထားကြောင်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် တစ်ဧကတွင် ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ပါက  ဧကတစ်ဝက်တွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နိုင်ပြီး ကျန်ဧကတစ်ဝက်တွင်  ဆိတ်အစာကျွေးရန် အရည်အသွေးမြင့်သည့် မြက်များစိုက်ပျိုးရန် စီစဉ် ထားကြောင်း၊ဝက်မွေးမြူသူများအတွက်  လိုအပ်သည့်  လျှပ်စစ်မီး၊ ရေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေကြောင်းသိရသည်။

၎င်းဇုန်အတွင်း ဝက်မွေးမြူရာတွင် တစ်ကွက်လျှင်  ပျမ်းမျှအားဖြင့် အကောင် ၅၀ သတ်မှတ်ထားပြီး အကွက် ၅၅ ကွက် ဖြင့် အကွက်ပြည့်မွေးမြူမည်ဆိုပါက ကောင်ရေ ၂၇၅၀ သတ်မှတ်ထားကြောင်း၊ တစ်နှစ်လျှင် နှစ်သုတ် မွေးမြူပါက ဝက်အကောင်ရေ ၅၀၀၀ ခန့်အထိ မွေးမြူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ဆိတ်မွေးမြူရာတွင်လည်း တစ်ကွက်လျှင် အကောင် ၅၀ အနည်းဆုံးမွေးမြူရန် သတ်မှတ်ထားပြီး အကွက် ၃၄ ကွက်အပြည့်မွေးမြူပါက အကောင်ရေ ၁၇၀၀ မွေးမြူရမည်ဖြစ်ကြောင်း ၊ ၎င်း ဇုန်မှ ထွက်ရှိလာမည့် ဆိတ်နှင့်ဝက်သားများကို ဒေသတွင်းစားသုံးရုံသာမက ပိုလျှံပါက ဒေသကျော် တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group