#Local_News
Published_ 17 February 2024


နာမည်ကြီး တေးရေးဆရာဒီနေ့ပုဏ္ဏက(ခေါ်)ဦးကိုလေးသည် ယနေ့ဖေဖော်ဝါရီလ ၁၇ ရက် မွန်းတည့် ၁၂ နာရီခန့်အချိန်က ကွယ်လွန်သွားကြောင်း ဂီတအသိုင်းအဝိုင်းနှင့်သူ၏ မိတ်ဆွေများထံမှ သိရသည်။

 

"ညီတစ်ယောက်ကဲ့သို့ကျွန်တော်တို့ကိုချစ်ခင်သော တေးဂီတစာဆိုကြီး ဆရာဒီနေ့ပုဏ္ဏက ခံစားနေရသောရောဂါများအမြန်ဆုံးသက်သာ ပျောက်ကင်းသက်ရှည်ကျန်းမာပါစေ။ (ဆုတောင်းမပြည့်ပါ။ ဆရာပုဏ္ဏက ယနေ့နေ့လည် ၁၂နာရီက ကျွန်တော်တို့ကိုစွန့်ခွါသွားရှာခဲ့ပြီ)"ဟု စာရေးဆရာဟိန်းလတ်မှသူ၏ လူမှုကွန်ရက်စာမျက်နှာပေါ်၌ဖော်ပြထားသည်။

 

"တေးရေး ဒီနေ့ပုဏ္ဏက(ခ)ဦးကိုလေး ကွယ်လွန်ကြောင်းကြားသိရတဲ့အတွက် မြန်မာနိုင်ငံဂီအစည်းအရုံး(ဗဟို)အနေနဲ့အထူးစိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ်။ ထင်ရှားကျော်ကြားတဲ့ခေတ်ပေါ်  မြန်မာသံတေးသီချင်းများနဲ့အောင်မြင်တဲ့တေးသံရှင်များ မွေးထုတ်ပေးခဲ့တဲ့တေးရေးပညာရှင်ကြီးဖြစ်တဲ့အတွက်လဲ အထူးပဲနှမျောတသစိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ်။ တေးရေး ဒီနေ့ပုဏ္ဏကခေါ် ဦးကိုလေး အေးချမ်းရာမှာအနားယူနိုင်ပါစေ "ဟု မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှလည်း ဝမ်းနည်းမှတ်တမ်း ထုတ်ပြန်ထားသည်။

 

ဒီနေ့ပုဏ္ဏကသည်မြန်မာ‌ တေးရေး၊ ဂီတစာဆို တစ်ဦးဖြစ်ပြီးကံ့ကော်တော မျိုးအောင်၊ ချိုပြုံး၊ ဘိုဘိုဟန် စသူတို့၏ နာမည်ကျော် တေးသီချင်းများကို ရေးစပ်ပေးခဲ့သူဖြစ်ကာ အဆိုတော် ချိုပြုံး သီဆိုသော "တိမ်ပလီနွေနှောင်း" သီချင်း သည် တေးရေးဆရာ ဒီနေ့ပုဏ္ဏက၏ လက်ရာ နာမည်ကျော် တေးတစ်ပုဒ်ဖြစ်သလို "ခပ်မိုက်မိုက်ချစ်ကြစို့"သီချင်းဖြင့်လည်း စတူဒီယိုခေတ်ဦးမှာရော ယနေ့ခေတ်၌ပါ တစ်ကျော့ပြန်နာမည်ကျော်ကြားလာသူဖြစ်ကြောင်းနှင့်ကွယ်လွန်ချိန်၌ အသက်(၈၀)ရှိပြီဖြစ်ကြောင်း သိရသည်။

 

#Local_News #နိုင်ငံကျော်တေးရေးဆရာ #ဒီနေ့ပုဏ္ဏကကွယ်လွန် #tthl #Yangon_Times