#Local_News

Published_ 14 February 2024


ယခုဘဏ္ဍာနှစ်ဆယ်လကျော်အတွင်း မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၂၃၀ ကျော်ရရှိထားပြီး ပုဂ္ဂလိကပိုင်မှ ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 

၂၀၂၃ ခုနှစ် ဧပြီလ၁ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၂) ရက်အထိ ဆယ်လကျော်ကာလအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၃ ဒသမ ၁၉၇ သန်းရရှိခဲ့ခြင်းဖြစ်သည်။

 

ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့် မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများမှာ ကျောက်စိမ်း၊ စိန်၊ ရွှေ၊ ပုလဲ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကြေးနီ၊ ငွေ၊ ကျောက်မီးသွေး၊ သွပ်နှင့် အခြားတွင်းထွက်သတ္ထုများပါဝင်လေ့ရှိပြီး နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍများမှတဆင့် တင်ပို့ရောင်းချလေ့ရှိကြောင်း သိရသည်။

 

ထိုသို့တင်ပို့ရောင်းချရာတွင် ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ ပုဂ္ဂလိကပိုင် တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာသန်း ၂၀၀ ကျော်ရရှိထားပြီး နိုင်ငံပိုင်တင်ပို့ရောင်းချမှုမှ ကန်ဒေါ် လာသန်း ၃၂ သန်းကျော်ရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

 

#Local_News #မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်း #ကန်ဒေါ်လာသန်း၂၃၀ ကျော်ရရှိ #YMG/ NN #Yangon-Times