၅ ဖေဖော်ဝါရီ ၂၀၂၄

မြန်မာအလုပ်သမား အထောက်အထားအတုနှင့် နေထိုင်ခွင့်သက်တမ်းတိုးဖို့ ကြိုးစားခဲ့တဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံ မှာ ပြီးခဲ့တဲ့ သောကြာနေ့(ဖေဖော်ဝါရီ ၂ရက်)က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတွေက ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရပါတယ်။

ထိုသို့ မြန်မာအလုပ်သမားဟန်ဆောင်ကာ အထောက်အထားစာရွက်စာတမ်းအတုတွေနှင့် လိမ်လည်လျှောက်ထားခဲ့သူမှာ အသက်(၄၀)အရွယ်ရှိ အိန္ဒိယနိုင်ငံသား ဆန်ဂျေးဆင်းဆိုသူဖြစ်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

သူဟာ သောကြာနေ့က ဆူရတ်သနီ လူဝင်မှုကြီးကြပ်ရေးရုံးကို လာရောက်ပြီး နေထိုင်ခွင့်နှင့် အောက်တိုဘာ၃ရက် ထိုင်းအစိုးရ ဆုံးဖြတ်ချက်အရ အလုပ်ဆက်လုပ်ခွင့် သက်တမ်းတိုး လာလျှောက်ခဲ့တာဖြစ်ပါတယ်။

၂၀၂၃  အောက်တိုဘာ ၃ရက် ထိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ မြန်မာ၊လာအိုနှင့် ကမ္ဘောဒီးယား (၃)နိုင်ငံမှ အလုပ်သမား တွေဟာ ထိုင်းနိုင်ငံမှာရောက်ရှိပြီးသားဆို၌ါက ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးလိုက်တာပါ။

အဲဒီဆုံးဖြတ်ချက်အပေါ် အချို့သော အိန္ဒိယနိုင်ငံသားတွေက အခွင့်အရေးယူပြီး စာရွက်စာတမ်းအတုတွေလုပ်ကာ သူတို့ကိုယ် သူတို့ မြန်မာ၊လာအိုနှင့် ကမ္ဘောဒီးယားအလုပ်သမားယောင်ဆောင်ပြီး လိမ်လည်မှုတွေရှိနေတဲ့အတွက် ထိုင်းလူဝင်မှု ရဲတပ်ဖွဲ့က အထူးကြပ်မတ်စစ်ဆေးနေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ နာမည်ကျော် နိုင်ငံတကာခရီးသွားကျွန်း(၃)ကျွန်းဖြစ်တဲ့ Koh Samui ၊Koh Phangan နှင့် Koh Taoတို့မှ ရက်လွန် နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို အထူးစစ်ဆေးဖို့ ရဲမှူးကြီးနာယူဝက်ဖုသက်ဝီယိုက ညွှန်ကြားထားတာလို့ဆိုပါတယ်။

အသက် ၃၆နှစ်အရွယ် မြန်မာနိုင်ငံသား ဂျေကာ မာလို့ လိမ်လည်လျှောက်ထားခဲ့တဲ့သူ့ရဲ့ လက်ဗွေရာကို စစ်ဆေးကြည့်တဲ့အခါ သူဟာ အိန္ဒိယနိုင်ငံသာား အသက် ၄၀ အရွယ်ဆူရတ်ဆင်းဆိုသူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

သူဟာ ၂၀၂၉ခုနှစ်  ဒီဇင်ဘာ ၁၁ရက်နေ့မှာ စီးပွားရေးလုပ်ငန်းဗီဇာနှင့် ထိုင်းကိုဝင်ရောက်ခဲ့ပြီး ၂၀၂၂ခုနှစ် ဒီဇင်ဘာ (၆)ရက်အထိ ဗီဇာသက်တမ်းရှိခဲ့ပါတယ်။ အဲဒါကြောင့်သူဟာ ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၄၂၃ ရက် ရက်လွန်နေထိုင်ခဲ့ကြောင်း တွေ့ရှိရလို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ သူကလည်း စာရွက်စာတမ်းအတုသုံးပြီး နေထိုင်ခွင့်သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပါတယ်လို့ ရဲကို ဝန်ခံခဲ့ပါတယ်။

@ymg/knl