၂ ဖေဖော်ဝါရီ ၂၀၂၄

ဖေဖော်ဝါရီ (၁)ရက် ကြာသပတေးနေ့က မလေးရှားရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကနေ ဘင်္ဂလီ အများစု နှင့် မြန်မာနိုင်ငံသားတွေပါဝင်တဲ့ခိုးဝင်ရောက်ရှိလာသူ (၁၀၀) ကျော်ထွက်ပြေးခဲ့ရာမှာ တစ်ဦးဟာ ယာဉ်မတော် တဆမှုနှင့် သေဆုံးခဲ့ရပါတယ်။

နှစ်ပေါင်းများစွာအတွင်း ဒီလိုဖြစ်ရပ်မျိုးဖြစ်တာ ဒါဟာ ဒုတိယအကြိမ်ပါ။ ၂၀၂၂ခုနှစ် ဧပြီလတုန်းကလည်း မလေးရှား မြောက်ပိုင်း ကာဒါးပြည်နယ် ထိန်းသိမ်းရေးစခန်းကနေ ဘင်္ဂလီ ၅၈၂ ဦးထွက်ပြေးခဲ့ဖူးတဲ့အကြောင်း ရိုက်တာသတင်းဌာနက သတင်းရေးသားပါတယ်။ အဲဒီအချိန်တုန်းက ထွက်ပြေးသူတွေအထဲမှာ ခြောက်ဦးဟာ အမြန်လမ်းမပေါ် ယာဉ်တိုက်ခံရလို့ သေဆုံးခဲ့ကြရပါတယ်။

ယခုတစ်ကြိမ်မှာတော့ မလေးရှားနိုင်ငံ အနောက်ပိုင်းပီရတ်ပြည်နယ်က လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းမှာ ကြာသပတေးနေ ဖေဖော်ဝါရီ ၁ ရက်ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၃၁ ဦး ထွက်ပြေးခဲ့ကြပါတယ်လို့ လူဝင်မှုကြီး ကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ရူစလင် ဂျုဆော့တ်က သတင်းထုတ်ပြန်ပါတယ်။

ထွက်ပြေးသွားသူတွေကို လိုက်လံရှာဖွေနေတယ်လို့လည်းသူကပြောပါတယ်။

ထွက်ပြေးသူတွေအထဲမှာ ဘင်္ဂလီ ၁၁၅ ဦးနှင့် အခြားမျိုးနွယ်ဝင် မြန်မာနိုင်ငံသား ၁၆ ဦးပါဝင်ပါတယ်လို့ မလေးရှား နိုင်ငံပိုင် သတင်းဌာန ဘာနာမားက  ပီရတ်ရဲဌာနကို ကိုးကား၍ သတင်းရေးသားပါတယ်။ သေဆုံးသူဟာ အမြန်လမ်းမကြီးပေါ်မှာ ထရပ်ကားတစ်စီးတိုက်မိလို့သေဆုံးခဲ့ရတာလို့ဆိုပါတယ်။

@ymg/knl