၂၃ ဇန်နဝါရီ ၂၀၂၄

မြန်မာ့တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီး ယနေ့ ဇန်နဝါရီ ၂၃ ရက်မနက်ပိုင်းက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လန်ပူရီလေဆိပ်တွင် ပြေးလမ်းချော်ခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကအတည်ပြုပါတယ်။

အဆိုပါတပ်မတော်(လေ) လေယာဉ်တစ်စီး အိန္ဒိယနိုင်ငံတွင် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့တယ်လို့ အိန္ဒိယပြည်တွင်း မီဒီယာများက သတင်းများထုတ်ပြန်ခဲ့ပြီးနောက် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အဆိုပါသတင်းကို အတည်ပြုပေးခဲ့ခြင်း  ဖြစ်ပါတယ်။

မြန်မာတပ်မတော်မှ သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 F200 WBအမျိုးအစား လေယာဉ်အမှတ်-၅၈၂၁)သည်မြန်မာ-အိန္ဒိယ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ယနေ့နံနက်၁၀ နာရီခန့်တွင် မိတ္ထီလာခြို့မှ ထွက်ခွာခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါလေယာဉ်သည်  အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်;လန်ပူရီမြို့ လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင်ရောက်ရှိဆင်းသက်စဉ် ရုတ်တရက် စက်ချို့ယွင်းမှုကြောင့် လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့တာလို့လည်း နစကသတင်း ထုတ်ပြန်ချက်ကဆိုပါတယ်။

ယင်းလေယာဉ်ပြေးလမ်းချော်မှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာခဲ့ကြသည့် လေယာဉ် အရာထမ်း/အမှုထမ်းများအနက် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစေလျက်ရှိနေကြောင်းသတင်းထုတ်ပြန်ပါတယ်။

ထိုသို့ လေယာဉ်စက်ချို့ယွင်းပြီးပြေးလမ်းချော်ခဲ့မှုနှင့်ပတ်သက်ပြီး အသေးစိတ် စိစစ်ဆောင်ရွက်လျက်ရှိကြောင်းဖြင့်လည်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

Photo Credit: India Today/WION

-ymg/knl