၂၀ ဇန်နဝါရီ ၂၀၂၄

အိန္ဒိယနှင့်မြန်မာနယ်စပ်တလျောက် ဗဟိုအစိုးရအနေနှင့် ခြံစည်းရိုးများခတ်တော့မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီး အမ်မစ်ရှားက ပြောပါတယ်။ အိန္ဒိယပြည်ထဲရေးဝန်ကြီးဟာ  ဂူဝါဟတီမှာကျင်းပတဲ့ အာသံရဲကော်မန်ဒို တပ်ဖွဲ့ စစ်ရေးပြအခမ်းအနားတစ်ခုမှာ ယနေ့ ဇန်နဝါရီ ၂၀ရက်မှာ ပြောခဲ့တာဖြစ်တယ်လို့ အိန္ဒိယပြည်တွင်းသတင်းဌာနများမှ သတင်းများအရသိရပါတယ်။

အိန္ဒိယဟာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျောက် လွတ်လပ်စွာသွားလာခွင့်ကိုထိန်းချုပ်ဖို့ အတားအဆီးတွေချထား အပြီး မြန်မာနယ်စပ်ခြံစည်းရိုးခတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

“ အိန္ဒိယနှင့်မြန်မာနယ်စပ်ကို မကြာမီမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်လိုဘဲ ကာကွယ်တော့မယ်။ အာသံက ကျွန်တော့်မိတ်ဆွေ တွေကို ပြောချင်တာက နာရင်ဒရာမိုဒီအစိုးရဟာ မြန်မာနှင့်နယ်စပ်ကို ခြံစည်းရိုးခတ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်လိုပဲပေါ့။ အစိုးရအနေနှင့် မြန်မာနှင့်သဘောတူထားခဲ့တဲ့ အက်ဖ်အမ်ဂျီ ( လွတ်လပ်စွာလှုပ်ရှားသွားလာမှု) Free Movement Regime ကို မကြာမီအဆုံးသတ်ဖို့ ပြန်စဉ်းစားနေပါတယ်” လို့ အာမစ်ရှားက ပြောပါတယ်။

အဲဒီသဘောတူညီချက်အရ မြန်မာနှင့်အိန္ဒိယနိုင်ငံတွေမှသူတွေဟာ နယ်စပ်ပိုင်နယ်တစ်ဖက်ချင်းစီကို ဗီဇာမပါဘဲ ၁၆ကီလို  မီတာအထိ သွားလာခွင့်ပေးထားတာပဲဖြစ်ပါတယ်။

အိန္ဒိယနှင့်မြန်မာနိုင်ငံတို့ဟာ နယ်စပ်ချင်း ၁၆၄၃ ကီလိုမီတာထိစပ်နေကြပါတယ်။ အိန္ဒိယဘက်က မီဇိုရမ်၊မဏိပူ၊နာဂလန်းနှင့် အာရွမ်နာချာပရာဒေ့ရှ်စတာတွေနှင့်ထိစပ်နေတာပါ။ အဲဒီပြည်နယ်တွေဟာ လွတ်လပ်စွာသွားလာခွင့်ကြောင့် အကျိုး  အမြတ်တွေရှိနေခဲ့ကြတာဖြစ်ပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ်မှာ တိုက်ပွဲတွေနှင့်မတည်ငြိမ်မှုတွေဖြစ်နေပြီး မြန်မာနိုင်ငံမှ ဒုက္ခသည်တွေ အိန္ဒိယထဲ ဝင်ရောက်လာပြီး နောက် မိုဒီအစိုးရက ယခုလိုဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

-ymg/knl