၁၂ ဇန်နဝါရီ ၂၀၂၄

မြန်မာ့တပ်မတော်နှင့် ရှမ်း(မြောက်)မဟာမိတ်(၃)ဖွဲ့တို့ ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံကူမင်းမြို့မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ငြိမ်းချမ်းရေးအတွက် မြန်မာ့တပ်မတော်ကိုယ်စားလှယ်များနှင့် ရှမ်း(မြောက်) ညီနောင်မဟာမိတ်အဖွဲ့(၃)ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နှင့် AA ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြရာမှာ ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့ကြတာဖြစ်တယ်လို့ အဆိုပါဆွေးနွေးပွဲနှင့် နီးစပ်တဲ့ သတင်းအရင်းအမြစ်များက YMGကိုအတည်ပြုပြောဆိုပါတယ်။

တရုတ်နိုင်ငံအစိုးရဲ့ ကြားဝင်စေ့စပ်မှုနှင့် ပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲမှာ အဆိုပါသဘောတူညီချက်ကို ဇန်နဝါရီ (၁၁)ရက် ဒေသစံတော်ချိန် ည(၁၀)နာရီမှာ ရရှိလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့လည်း သတင်းများကဆိုပါတယ်။

သဘောတူညီချက်များကို နှစ်ဘက်စလုံးက အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးသောလည်း လက်ရှိရောက်ရှိနေတဲ့နေရာကနေ နှစ်ဘက်တပ်တွေ ရှေ့ဆက်မတိုးဘဲ အပစ်ရပ်ထားရန်၊ ညီနောင်(၃)ဖွဲ့ မြို့သိမ်းတိုက်ပွဲတွေမလုပ်ရန်နှင့် တပ်မတော်မှလည်း လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများမလုပ်ရန်မူအားဖြင့် သဘောတူခဲ့ကြတယ်လို့သိရပါတယ်။

အဲဒီ့အပြင် နယ်စပ်ကုန်သွယ်ရေးတွေပြန်လည်ဖွင့်လှစ်ဖို့လည်း နှစ်ဘက်သဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။

အဲဒီအတွက် အပစ်အခတ်တွေရပ်စဲသွားပြီးမှ တရုတ်နိုင်ငံ၊မြန်မာအစိုးရနှင့် ညီနောင်(၃)ဖွဲ့တို့ အသေးစိတ်ပြန်လည်ဆွေးနွေးဖွင့်လှစ်သွားဖို့ သဘောတူခဲ့ကြတာလို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

ယခုဆွေးနွေးပွဲနှင့်ဆက်စက်ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများကိစ္စလည်း ဆက်လက်ဆွေးနွေးညှိနှိုင်းသွားဖွယ်ရှိတယ်လို့လည်းသတင်းများထွက်ပေါ်နေပါတယ်။

ယခုဆွေးနွေးပွဲကို မြန်မာဘက်မှ MNSPC ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ MNDAAမှ ဖုန်ခွန်း၊ကျင်းရှင်နှင့် အဖွဲ့ဝင်(၅)ဦး၊ TNLA မှ ဗိုလ်မှူးချုပ်တာဘုန်းကျော်နှင့်အဖွဲ့၊  ULA/AA.  မှဒေါက်တာညိုထွန်းအောင်နှင့်အဖွဲ့ဝင်(၇)ဦးတို့တက်ရောက်ကြပြီး တရုတ်နိုင်ငံမှ အထူးကိုယ်စားလှယ် Mr. Deng Xin Junတို့တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

-ymg/knl