#Local_News
Published 28  December 2023


ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ ထန်ဘူရီမြို့နယ်၊ ပချာထိပတ်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ရွှေဆိုင်ထဲသို့ ရွှေဝယ်မဲ့သူဟန်ဆောင်ဝင်လာကာ လုယူထွက်ပြေးသွားသဖြင့်  မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး အဖမ်းခံရကြောင်း ထိုင်းသတင်းဌာန များ၏ဖေါ်ပြချက်အရသိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွှေဆိုင်အတွင်းသို့ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ဝင်ရောက်လာပြီး (၃) ကျပ်သားရှိသည့် ရွှေဆွဲကြိုးကို ဝယ်ယူရန်အတွက် အရောင်းဝန်ထမ်းကို ပြသခိုင်းကာ  ဆွဲကြိုး ထုတ်ပြစဉ် လုယူထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွှေဆိုင်ပိုင်ရှင်က အရေးယူပေးဖို့ နယ်မြေခံရဲစခန်းကို တိုင်ကြားခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ ပြစ်မှုကျူးလွန်သူ မြန်မာလုပ်သား၏ မျက်နှာကို CCTV မှတ်တမ်းမှတဆင့် တွေ့မြင်သိရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဒီဇင်ဘာလ ၂၆ ရက် တွင် ပြစ်မှုကျူးလွန်သူနေထိုင်သည့် ပထုံဌာနီခရိုင်၊ ခေါင်လွမ်မြို့နယ်၊ ခေါင်နိမ်ကျေးရွာရှိ အိမ်တန်းလျားတွင် အခင်းဖြစ်ပွားသည့်​ေန့က ဝတ်ဆင်ခဲ့သည့် အဝတ်အ စားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

 

ပြစ်မှုကျူးလွန်သူဟုဆိုသည့် မြန်မာအလုပ်သမားကို စစ်ဆေးရာတွင် မြန်မာနိုင်ငံရှိ ဖခင်ကျန်းမာရေးအတွက် ခွဲစိတ်ကုသမှုပြုလုပ်ရန်  ငွေကြေးလိုအပ်သောကြောင့် ယခုကဲ့သို့ပြုလုပ်ရခြင်းဖြစ်ကာ လုယူခဲ့သည့် ရွှေဆွဲကြိုးကိုလည်း အခင်းဖြစ်သည့်နေ့ကတည်းက ရောင်းချပြီး မြန်မာနိုင်ငံသို့ ဖခင်ကျန်းမာရေးအတွက်ငွေလွှဲပေးခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။

 

အဆိုပါ ပြစ်မှုကျူးလွန်သူ မြန်မာနိုင်ငံသားကို နယ်မြေခံရဲစခန်းတွင် ထိန်းသိမ်းထားပြီး လုယက်မှုဖြင့် အမှုဖွင့်လှစ်ထားကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #ရွှေဆိုင်မှရွှေဆွဲကြိုးလုယူမှုဖြစ် #YMG/LW #Yangon_Times