၁၅ ဒီဇင်ဘာ ၂၀၂၃

တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားကိုဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ နစကဥက္ကဋ္ဌ တပ်မတော်  ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ပြီး Su-30 SME တိုက်လေယာဉ် ၂ စီးကို တပ်တော်ဝင်၍ တပ်မတော်(လေ)သို့ လွှဲပြောင်းပေးခဲ့ကြောင်းသိရှိရပါတယ်။

“ယခု ၁၄ ကြိမ် မြောက် တပ်တော်ဝင်အခမ်းအနားတွင် စတုတ္ထမျိုးဆက်လွန် လေကြောင်းအရေးသာမှု လေယာဉ်အမျိုးအစား  ဖြစ်သည့် Su-30 SME တိုက်လေယာဉ် ၂ စီးကို တပ်တော်ဝင်ပြီး တပ်မတော်(လေ)သို့ လွှဲပြောင်းပေးခြင်းဟာ တပ်မတော်(လေ)ရှိ အရာရှိ/ စစ်သည်အားလုံး၏ စိတ်ဓာတ်အင်အားကို မြှင့်တင်ပေးရာရောက်သကဲ့သို့ တပ်မတော်အတွက် တိုက် စွမ်းအား၊ တိုက်စွမ်းရည် တိုးတက်မြင့်မားအောင် အထောက်အကူပြုစေမည်ဖြစ်တယ်” လို့ ဗိုလ်ချုပ်မှူးကြီးက အခမ်း အနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ယနေ့တပ်တော်ဝင်မည့် Su-30 SME တိုက်လေယာဉ်များသည် စတုတ္ထမျိုး ဆက်လွန် တိုက်လေယာဉ်များဖြစ်သည့်အတွက် ယခုကဲ့သို့ တပ်တော်ဝင်နိုင်ခြင်းသည် တပ်မတော်(လေ)၏ လေကြောင်းစွမ်းအားကို တိုးမြှင့်ပေးရာ ရောက်သကဲ့သို့ တပ်မတော်(လေ)၏ အနာဂတ်ရည်မှန်းချက်ဖြစ်သည့် လေကြောင်းစွမ်းအားနှင့် ပတ်သက်သည့် လုပ်ငန်းတာဝန်အများစုကို ထိရောက်စွာ စွမ်းဆောင်နိုင်သော မဟာ ဗျူဟာမြောက် စွမ်းရည်အချို့ကို ပိုင်ဆိုင်သည့် နည်းဗျူဟာမြောက် လေတပ်အဖြစ် ကူးပြောင်းရပ်တည်နိုင်ရန် ခြေလှမ်းသစ်တစ်ရပ်ဖြစ်တယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးက ပြောဆိုပါတယ်။

စစ်နည်းဗျူဟာ ကျွမ်းကျင်မှု၊ လေကြောင်းအကဲသာမှုနှင့် အီလက်ထရောနစ် နည်းပညာသာလွန်မှု၊ လက်နက်ခဲယမ်းများ ခေတ်မီကောင်းမွန်မှု၊ ထိရောက်တိကျမှုတို့ သည် စစ်ပွဲ၏အနိုင်အရှုံးကို အဓိက အဆုံးအဖြတ်ပေးသည့်အတွက် တပ်မတော် (လေ)အနေဖြင့် နည်းပညာတိုးတက်လာမှုနှင့်အတူ ပြောင်းလဲကျင့်သုံးလာသည့် စစ်နည်းဗျူဟာများနှင့် စစ်လက်နက်ပစ္စည်း များကို ခေတ်နှင့်အညီ ကျွမ်းကျင်စွာ အသုံးချနိုင်ရန် စဉ်ဆက်မပြတ်လေ့ကျင့်ရေးကို အလေးအနက်ထား လုပ်ဆောင်သွား ကြရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။

“တပ်မတော်(လေ)အနေဖြင့်သမိုင်းကြောင်းတစ်လျှောက် ပိုင်နက်ဝေဟင် စိုးမိုးရေးနှင့်လေကြောင်းရန်ကာကွယ်ရေးတာဝန် များ သာမကပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်ရေးများတွင်ခေတ်အဆက်ဆက်တာဝန်ကျေပွန်အောင် ထမ်းဆောင် နိုင်ခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်ပြီး ပြည်ပကျူးကျော်မှု၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကဏ္ဍများတွင် တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ ပြည်သူလူထုနှင့်အတူလက်တွဲပြီး စွမ်းစွမ်းတမံ တိုက်ပွဲဝင်နိုင်ခဲ့တယ်” လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

နယ်မြေဒေသများတည်ငြိမ်အေးချမ်းပြီး ပြည်သူများ၏ လူနေမှုဘဝ အေးချမ်းစွာရှိနေရန်အတွက် တပ်မတော်က လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများကို တရားသောစစ်ပွဲများဆင်နွှဲလျက် ချေမှုန်း နှိမ်နင်းရာတွင် တပ်မတော်(လေ)အနေဖြင့် ကြည်း၊ ရေ၊ လက်ရုံးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ဆင်ရေးများတွင် လေကြောင်းစွမ်းအားကို ထိထိရောက်ရောက် အသုံးချကာ တစ်တပ်တစ်အား ပါဝင်ဆင်နွှဲနေသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကလက်ရှိအခြေအနေများကိုပြောဆိုပါတယ်။

ထို့အပြင် အရှေ့မြောက် ပိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် အခြားတိုင်းစစ်ဌာနချုပ်နယ်မြေများ၌ ဖြစ်ပွားလျက်ရှိ သည့် စစ်ဆင်ရေးများတွင် လေတပ်စစ်သည်တော်များအနေဖြင့် တပ်မတော်(လေ) တွင် ရှိသည့် လေယာဉ်/ရဟတ်ယာဉ်များကို စွမ်းအားပြည့်အသုံးပြုပြီး တိုက်ပွဲ အောင်နိုင်ရေးအတွက် စွန့်လွှတ်စွန့်စားစိတ်ဖြင့်သက်စွန့်ဆံဖျား ကြိုးပမ်းတိုက်ပွဲဝင်ခဲ့ကြလို့ တိုက်ပွဲဝင်စစ်သည်များအားလုံးကို ချီးကျူးဂုဏ်ပြု ပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ရှမ်း(မြောက်)တိုက်ပွဲများအကြောင်း ထည့်သွင်းပြောဆိုသွားကြောင်း သတင်းထုတ်ပြန် ချက်အရသိရပါတယ်။

အဲဒီနောက်စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်က လေယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာခဲ့ပါတယ်။

ဆက်လက်၍နစကဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ် လေယာဉ် ပုံစံငယ်ကို ဂါရဝပြု ပေးအပ်ခဲ့ပါတယ်။

ထို့နောက် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ်ဖြစ် သည့် Su–30 SME တိုက်လေယာဉ် ၁ စီးဖြင့် ပျံသန်းအလေးပြုပြီး ၎င်းတိုက်လေယာဉ်၏ အဆင့်မြင့် လှုပ်ရှားစစ်ကစားမှု (High Performance Maneuver) များအား စွမ်းရည်ပြ ပျံသန်းပြသခဲ့ပါတယ်။

အခမ်းအနားသို့်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှနှင့်အတူ နစကဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

-ymg/knl