Published 15 December 2023

(၁)လသားအရွယ်ကလေးငယ်လေးကိုကတုံးတုံးပေးရာမှ ပြည်တည်နာဖြစ်ပြီးပန်းသီးလုံးလောက်ဖြစ်လာသဖြင့် ခွဲစိတ်ကုသပေးခဲ့ရကြောင်း ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

ကလေးငယ်၏ဦးခေါင်းမှာဖြစ်ပေါ်လာသည့် ပန်းသီးလုံးအရွယ်ပြည်တည်နာကို ကျိုက်ထိုမြို့နယ်ပြည်သူ့ ဆေးရုံကြီးမှဆရာဝန်၊ဆရာမနှင့်ကျန်းမာရေးဝန်ထမ်းများမှအောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့သည်ဟုဆိုသည်။

အဆိုပါကလေးငယ်သည် တောင်ကလေးကျေးရွာဘက်တွင်မွေးဖွားလာသည့်ကလေးငယ်တစ်ဦးဖြစ်ပြီး (၁)လသားအရွယ်ကလေးငယ်လေးကိုကတုံးတုံးပေးရာမှအရေပြားထိခိုက်မှုဖြစ်ပြီး သွေးစသွေးနထွက်လာသဖြင့် သွေးတိတ်အောင် နနွင်းမှုန့်နဲ့ဆေးဘက်ဝင်အပင်များကိုဝါးပြီးအုံကာထည့်ပေးခဲ့ရာမှ အနာမှာ ပြည်တည်ပြီး ကလေးငယ်မှာ နို့မစို့နိုင်တော့သည့်အထိဖြစ်ခဲ့ခြင်းဖြစ်သည်။

ကလေးငယ်များကို မွေးဆံပင်မဖြစ်မနေရိတ်ပေးရမည်ဆိုသည့်အယူအဆသည် ကျန်းမာရေးအရ အဆင်မပြေ ကြောင်းနှင့် ကလေးငယ်၏အပူအအေးကို ဦးခေါင်းမှတစ်ဆင့်ထိန်းချုပ်ခြင်းရှိသောကြောင့် ကလေးငယ်၏ဦးခေါင်း ကိုကတုံးရိတ်ပေးလိုက်ခြင်းအားဖြင့် ဆံပင်မရှိတော့လို့ အအေးမိ၊နှာစေး၊နှာပိတ်ခြင်းလက္ခဏာများ အလွယ်တကူ ဖြစ်ပေါ်စေနိုင်သဖြင့်သတိပြုကြရန်လိုအပ်ကြောင်းလည်း ယင်းဆေးရုံမှအသိပေးထားကြောင်းသိရသည်။
Yangon-Times/tthl
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group