၁၃ ဒီဇင်ဘာ ၂၀၂၃

မြန်မာနိုင်ငံမှာ (၂)နှစ်ကြာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ပွဲတွေကို ဖြေရှင်းဖို့ နစက အစိုးရနှင့် ထိတွေ့ဆက်ဆံရာမှာ ထိုင်းနိုင်ငံအနေနှင့် ဦးဆောင်သူ   အခန်း ကဏ္ဍကနေပါဝင်သင့်တယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကပြောတယ်လို့  ဂျပန်သတင်းမီဒီယာတစ်ခု  ဖြစ်တဲ့ Nikkei Asia က သတင်းရေးသားလိုက်ပါတယ်။

“ ကျွန်တော်တို့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို လိုက်နာပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနှင့် အနီးဆုံးမှာရှိနေတာပါ။  ကျွန်တော်တို့မှာ ကီလိုမီတာ ၂၀၀၀ နယ်စပ်ရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်ပြောတာ သင့်လျော်မှုရှိပါတယ်။  မြန်မာအစိုးရနှင့်ဆွေးနွေးရာမှာ ကျွန်တော်တို့က ဦးဆောင်သူအဖြစ် ဆောင်ရွက်မယ်ဆိုတာကို အာဆီယံနိုင်ငံတွေကလည်း သဘောတူမယ် လို့ထင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

သူဟာ ထိုင်းအစိုးရဂေဟာမှာ နစ်ကေးအေးရှားနှင့် သီးသန့်အင်တာဗျူးပြုလုပ်ပြီး အဲဒါတွေပြောခဲ့တာပါ။

အာဆီယံက ဘုံသဘောတူညီချက်တွေချမှတ်ခဲ့ပေမယ့် ယခုနောက်ဆုံးအာဆီယံဥက္ကဋ္ဌလုပ်ခဲ့တဲ့ အင်ဒိုနီးရှားရဲ့ကြိုးပမ်းအားထုတ်မှုကလည်း သိပ်မရွေ့ခဲ့ပါဘူး။

အဲဒီလိုအချိန်မှာ ထိုင်းနိုင်ငံဟာ မြန်မာနစကအစိုးရနှင့် နှစ်နိုင်ငံလမ်းကြောင်းဖွင့်ဆက်သွယ်စည်းရုံးခဲ့ပါတယ်။၂၀၂၁ခုနှစ် နိုင်ငံရေး အပြောင်းအလဲနောက်ပိုငး်မှာ ထိုင်းနိုင်ငံကို မြန်မာဘက်က ဒုက္ခသည် ၄၅.၀၀၀ခန့် ထွက်ပြေးရောက်ရှိသွားကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

“ ဒုက္ခသည်အခြေအနေကို ကောင်းကောင်းမကိုင်တွယ်နိုင်တဲ့နေရာတွေမှာ ဖြစ်ရပ်အများကြီး ကျွန်တော်တို့မြင်တွေ့ခဲ့ကြရတယ်။ အဲဒါတွေ ဟာ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးနှင့် သုခချမ်းသာကိုထိခိုက်စေနိုင်မှာတင်မကဘဲ ထိုင်းပြည်တွင်းကပြည်သူတွေကိုပါထိခိုက်စေနိုင်ပါတယ်” လို့ ထိုင်းဝန်ကြီးချုပ်ကဆက်လက်ပြောဆိုပါတယ်။

နယ်စပ်တလျောက် မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်ဖောက်ကားမှုတွေနှင့်ပတ်သက်လို့ မြန်မာနှင့်ဆွေးနွေးနေတဲ့ အခြေအနေအပေါ် သူအနေနှင့် သိပ်ပြီးဘဝင်မကျလှဘူးလို့လည်း သူကပြောပါတယ်။ “ သူတို့ရဲ့ ပြည်တွင်းပြသနာက နေရာအနှံ့စစ်ပွဲတွေအရှိန်တက် နေစေတယ်။ သူတို့ဟာ မူးယစ်ဆေးဝါးရောင်းချရာကနေ ရတဲ့ဝင်ငွေတွေလိုအပ်နေတယ်။ ကျွန်တော်တို့ရဲ့ နယ်စပ်တွေ သေသေချာချာ ကာကွယ်ဖို့ ကျွန်တော်တို့လိုအပ်တယ်” လို့သူကဆက်ပြောပါတယ်။

စစ်ပွဲတွေ အရှိန်ထပ်မြင့်လာရင် ဒုက္ခသည်တွေဆီ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး  ဌာနအနေနှင့် မြန်မာနစက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ ညှိနှိုင်းတိုင်ပင်နေပါတယ်လို့လည်း သူကပြောပါတယ်။

-ymg/knl