၅ ဒီဇင်ဘာ ၂၀၂၃

မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား  စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှင့် စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အပါအဝင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ယနေ့ ဒီဇင်ဘာ(၅)ရက်က ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

နစက ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီတို့အကြား တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးအဆင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC II) ၌  ကျင်းပ   ရာတွင် နှစ်နိုင်ငံ အဆင့်မြင့် ပုဂ္ဂိုလ်များက ဆွေးနွေးခဲ့ကြတာလို့ သတင်းထုတ်ပြန်ချက်မှာ   ဖော်ပြထားပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာနီကိုလိုင်းပတ်ထရူးရှက်ဖ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ နေပြည်တော်သို့ ဒီဇင်ဘာ ၄ ရက် ညက ၁၀နာရီတွင် အထူးလေယာဉ်ဖြင့် မော်စကိုမှရောက်ရှိလာခဲ့ပြီးနောက် အဆိုပါဆွေးနွေးပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲတွင် နိုင်ငံတကာမျက်နှာစာ၌ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေး အခြေအနေ၊ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာ သတင်း  အချက်အလက်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲသို့ မြန်မာဘက်မှ နစက ကောင်စီအဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊  ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် အဆင့်မြင့်အရာရှိကြီးများနှင့် ရုရှားဖက်ဒရေးရှင်းဘက်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ်ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါ ဆွေးနွေးပွဲနှင့်တစ်ဆက်တည်း “ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု” ဆိုင်ရာဆွေးနွေးပွဲ”ကို ကျင်းပခဲ့ပြီး  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုလက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Albert KARIMOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ထို့နောက် “စားနပ်ရိက္ခာလုံခြုံရေး” ဆိုင်ရာ ဆက်စပ်ဆွေးနွေးပွဲကိုကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Sergei LEVIN ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြပါတယ်။

ဆက်လက်၍ “စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး” ဆိုင်ရာဆက်စပ်ဆွေးနွေးပွဲကိုကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်စင်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(Rosatom)၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Mr. Andrei BELYAKOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ထို့နောက် “ဘဏ္ဍာရေးဆိုင်ရာလုံခြုံရေး” ဆက်စပ်ဆွေးနွေးပွဲကိုကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ Mr. Aleksei GUZNOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါဆက်စပ်ဆွေးနွေးပွဲများတွင် ကဏ္ဍအလိုက် နှစ်နိုင်ငံရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဆွေးနွေးပွဲအပြီးတွင် မြန်မာ-ရုရှားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို နစကကောင်စီအဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးမစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ်တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရတို့အကြား အပြည်ပြည်ဆိုင်ရာသတင်းအချက်အလက် လုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို နစက ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေး  ကောင်စီအတွင်းရေးမှူး မစ္စတာနီကိုလိုင်းပတ်ထရူးရှက်ဖ်တို့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့  သိရပါတယ်။

-ymg/knl