#Local_News
Published 27 November 2023


ရွှေတိဂုံစေတီတော်၌ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)တွင် ရွှေတိဂုံစေတီတော်၌ မသိုး‌ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ရေစက်ချအခမ်းအနားကျင်းပ နိုဝင်ဘာ ၂၇ ရက် နံနက် ၅နာရီခွဲခန့်က စတင်ကျင်းပခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

 

ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်များဖြင့် နံနက်အာရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခဲ့ကြသည်။

 

နံနက် ၆နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း စုရပ်မှစတင်‌၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဝန်ထမ်းများက မသိုးရွှေကြာသင်္ကန်းများကိုင်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ခဲ့ကာ ပွင့်တော်မူပြီးသော ဘုရားလေးဆူတို့အား ရည်မှန်းပူဇော်သောအားဖြင့် အထက်ပစ္စယံပတ္တမြား မျက်ရှင်ရုပ်ပွားတော်အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်း‌ကောင်း၊ အရှေ့ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကကုသန္ဓရုပ်ပွားတော်၊ တောင်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကောဏဂမနရုပ်ပွားတော်၊ အနောက်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကဿပရုပ်ပွားတော်၊ မြောက်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ဂေါတမရုပ်ပွားတော်တို့အား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များကလည်းကောင်း မသိုးရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။

 

ထို့နောက် နံနက် ၉နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ရေစက်ချအခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ ကြွရောက်တော်ကြကာ ဧည့်ပရိသတ်အပေါင်းတို့က ကထိန်သင်္ကန်းလှူဒါန်းမှုကုသိုလ်‌အကျိုးတရားများ နာကြားခဲ့ကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများအား ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

#Local_News #တန်ဆောင်မုန်းလပြည့် #မသိုး‌ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ #YMG/LW #Yangon_Times