#Local_News
Published_ 25 November 2023


ပြည်ပနိုင်ငံတွေမှ တကူးတကလာရောက်ပူဇော်လေ့ရှိသည့် ဗိုလ်တထောင်စေတီတော်ကြီးရှိ ဗိုလ်တထောင်ဘိုးဘိုးကြီးကို ယာယီဗိမာန်နန်းဆောင်မှ အသစ်တည်ဆောက်ပြီးဖြစ်သည့် မူလဗိမာန်နန်းဆောင်သို့ ကြွရောက်စံမြန်းနေပြီဖြစ်၍ ဘိုးဘိုးကြီးအား မူလဗိမာန်နန်းဆောင်မှာပဲလာရောက်ပူဇော်နိုင်ပြီဖြစ်ကြောင်း ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။

 

နိုဝင်ဘာလ၂၅ရက်တွင် ဗိုလ်တထောင်စေတီတော်ရင်ပြင် အနောက်ဘက်ရှိ ယာယီဗိမာန်နန်းဆောင်မှ မူလနေရာ ဗိမာန်နန်းဆောင်သစ်သို့ ကြွရောက်စံမြန်းလျက်ရှိပြီဖြစ်ပြီး ရောဟဏီဘိုးဘိုးကြီးအား ယာယီဗိမာန် နန်းဆောင်မှ မူလနေရာ ဗိမာန်နန်းဆောင်သစ်သို့ ကြွရောက်စံမြန်းရန်ပင့်ဆောင်သည့် အခမ်းအနားလည်း ကျင်းပပြုလုပ်ခဲ့သည်ဟုဆိုသည်။

 

ဗိုလ်တထောင်ဘိုးဘိုးကြီး၏ မူလဗိမာန်တော်သည် သာယာလှပသော ရေကန်အလယ်တွင်တည်ရှိပြီး ငါးများ၊လိပ်များကိုလည်းအစာကျွေးမွေးနိုင်ခဲ့ကြောင်းနှင့်ယခုအခါက အဆိုပါဗိမာန်တော်ကို အသစ်ပြန်လည် တည်ဆောက်မွမ်းမံခဲ့ပြီး ကန်အတွင်းထားရှိနိုင်မည့်ငါးနှင့်လိပ်အရေအတွက်အတိုင်းထားရှိခြင်းနှင့် ကန်အတွင်းရေစနစ်များလည်းကောင်းမွန်အောင်ဆောင်ရွက်ထားခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။

 

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ရောဟဏီ ဗိုလ်တထောင်ဘိုးဘိုးကြီးအား နံနက် ( ၆: ၃၉) မိနစ်အချိန်တွင် ယာယီဗိမာန်ဆောင်မှ မူလဗိမာန်ကိုပြုပြင်မွမ်းမံတည်ဆောက်လှူဒါန်းသည့် အလှူရှင် " ဦးမျိုးမြင့်( ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်) မိသားစုတို့မှ ဆောက်လုပ်လှူဒါန်းသော မူလနေရာ ဗိမာန် နန်းဆောင်သစ်သို့ ပင့်ဆောင်ခြင်း နှင့် ဗိမာန်နန်းဆောင်သစ် အပ်နှံခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားကို " နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြတ်စွာဘုရားရှင်ထံမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ငါးပါးသီလခံယူဆောက်တည်ကြ၍ မင်္ဂလာအချိန်နံနက် ( ၆: ၃၉) မိနစ်အချိန်တွင် ရောဟဏီဘိုးဘိုးကြီးအား ယာယီဗိမာန်နန်းဆောင်မှ မူလနေရာ ဗိမာန်နန်းဆောင်သစ်သို့ ကြွရောက်စံမြန်းရန်ပင့်ဆောင်သည့် အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားကို " ဗုဒ္ဓသာသနံစိရံတိဌတု " သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

#Local_News #ဗိုလ်တထောင်ဘိုးဘိုးကြီး #မူလဗိမာန်နန်းဆောင်သစ် #tthl #Yangon_Times