#Local_News
Published-25-November-2023


အိမ်ထောင်စုစာရင်း မရှိသေးသူများနှင့် နိုင်ငံသားကတ်(မှတ်ပုံတင်) မရှိသေးသည့်သူများကို ပန်းခင်းစီမံချက်ဖြင့် အမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သိရသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်း၊ နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း အချက်အလက်များ e-ID Server အတွင်း ဖြည့်သွင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက်မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့သည်။

 

အဆိုပါ အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပြီး ကောက်ယူရရှိသည့် အချက်အလက်များကို မြို့နယ်ရုံးများရှိ မှတ်တမ်းများဖြင့် တိုက်ဆိုင်စိစစ်၍ ရုံးချုပ်ရှိ e-ID Server အတွင်း စိစစ်ဖြည့်သွင်း ဆောင်ရွက်လျက်ရှိရာ တွေ့ရှိ ချက်များအရ ဖြေရှင်းဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ များပြားနေသည့်အတွက် ပြန်လည်စိစစ်သုံးသပ်ကာ အမှန်တကယ် အိမ်ထောင်စုစာရင်း မရှိသူများ၊ နိုင်ငံသားကတ် မရှိသေးသူများကို ပန်းခင်း စီမံချက်ဖြင့် အမြန်ဆုံးဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားခဲ့သည်။

 

ထို့ပြင် ယင်းစာရင်းများသည် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အရေအတွက်ပမာဏ များစွာရှိနေသည့်အတွက် တာဝန်ရှိသူအဆင့်ဆင့်က စနစ်တကျစိစစ်၍ ထိထိရောက်ရောက် ကြပ်မတ် ဆောင်ရွက်ပေးရန်ပြောကြားခဲ့ကြောင်း သိရသည်။

 

#Local_News #အိမ်ထောင်စုစာရင်း #နိုင်ငံသားကတ်မရှိသေးသူများ #ပန်းခင်းစီမံချက် #YMG/LW #Yangon_Times