Published_17 Nov 2023

စစ်ရေး နှင့် လုံးဝသက်ဆိုင်ခြင်းမရှိဘဲ အတင်း အဓမ္မဖမ်းဆီး ချုပ်နှောင်ခံထားရသော ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်မှ တက္ကသိုလ် ဆရာ၊ဆရာမများ၊ ပညာရေး ဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ထိခိုက်မှု မရှိစေဘဲ အမြန်ဆုံး ပြန်လွှတ်ပေးသွား ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ က ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်ရေးနှင့်သက်ဆိုင်သောပစ်မှတ်မဟုတ်သည့် ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာ ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေ သည့် လုံခြုံရေးအဖွဲ့များကိုလ ည်း သာလွန်အင်အားများဖြင့် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက် စီးနင်းခဲ့ကြောင်း ဖော်ပြထားသည်။

KNPP အဖွဲ့နှင့် PDF အဖွဲ့များအနေဖြင့် တက္ကသိုလ်အတွင်းသို့ ရောက်ရှိစီးနင်းပြီးနောက် ပညာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးကာ တက္ကသိုလ် တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်း သူများအား အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ထားရှိကြောင်း သိရှိရသဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး၊ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် အချိန်မီကယ် ထုတ်နိုင်ရေး လိုအပ်သည်များ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

သို့သော်လည်း KNPP အဖွဲ့နှင့် PDF များအနေဖြင့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို လူသား တံတိုင်းအနေဖြင့် အကာအကွယ်ပြုတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့် ပညာရေး ဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ မလိုလားအပ်ဘဲ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး ထိန်း ထိန်း သိမ်းသိမ်းဆောင်ရွက်ခဲ့ရသောကြောင့် အချို့ကိုသာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူအချို့တို့ မှာ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွား ခြင်းကိုခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် KNPP အဖွဲ့နှင့် PDF အဖွဲ့များ အနေဖြင့် ဆရာ၊ ဆရာမ အချို့ကိုလည်း ရက်စက်စွာသတ်ဖြတ်ထားရှိခဲ့ ကြောင်း လည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

KNPP အဖွဲ့နှင့် PDF အဖွဲ့များ၏ လုပ်ရပ်သည် စစ်ရေး နှင့်သက်ဆိုင်သော ပစ်မှတ်မဟုတ်ဘဲ နိုင်ငံ အတွက် အရေးကြီးသည့် ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို အသက်အန္တရာယ် ဇုံမှ ကင်းလွတ်အောင် ထွက်ခွာခွင့်ပြုရမည့်အစား အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်၍ လူသားတံတိုင်း အဖြစ် အသုံးချခဲ့ခြင်း၊ ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ အင်အား ရာဂဏန်းမျှရှိသည့် တက္ကသိုလ်ကို ရည်ရွယ်ချက်ရှိစွာဖြင့် ဦးတည် တိုက်ခိုက်ခဲ့ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးခြင်း၊ အကာအကွယ် ရယူ တိုက်ခိုက်ခြင်းဖြစ်၍ ဂျီနီဗာကွန်ဗန်းရှင်း (၄) ရပ်၏ ဘုံအာတီကယ် (၃) နှင့် နောက် ဆက်တွဲစာချုပ် (၁)၏ အာတီကယ်(၅၂) တို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး ၎င်းအခြေခံသဘောတရားများသည် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေသဘောလည်း သက်ဝင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံတို့ သည် စာသင်ကျောင်းများ၊ ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမ များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ရှုတ်ချပြီး ပဋိပက္ခတွင် ပါဝင်သူ များအနေဖြင့် ပညာသင်ကြားခွင့် အခွင့်အရေးကို အကာအကွယ်ပေးရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက်အမှတ် ၂၆၀၁(၂၀၂၁)အပေါ် တညီတညွတ်တည်း ချမှတ်ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် KNPP အဖွဲ့နှင့် PDF အဖွဲ့များ၏ ယခုလုပ်ရပ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၀၁(၂၀၂၁) UN Security Council Resolution 2601(2021) – the protection of Education in armed conflict ကိုလည်း ချိုးဖောက်ရာ ရောက်ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးက ထုတ်ပြန်ထားသည်။
#Yangon_Times/PP
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group