Published 16 November 2023

ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာသူဌေးချောင်းပေါ်တွင်ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ် (၄)တည်ဆောက်ရေးမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း မှာ၇၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

ရခိုင်ရိုးမပေါ်မှ အစပြုပြီး ပင်လယ်ဝအထိ မိုင် ၇၀ ခန့်ရှည်လျားစွာ စီးဆင်းနေသော သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နိုင်ရန်အတွက် ၂၀၀၃-၂၀၀၄ ခုနှစ်ခန့်က ဂျပန်နိုင်ငံအခြေစိုက် TheKansaiအတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့နှင့်ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှအင်ဂျင်နီယာများနှင့်ပူးပေါင်းကာကနဦးစူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ လေ့လာမှုပြုလုပ်ပြီး ဂျပန်နိုင်ငံအခြေစိုက် The Kansai အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့နှင့်ဌာနမှအင်ဂျင်နီယာများသည်အသေးစိတ်ဒီဇိုင်းပုံစံများ ရေးဆွဲခဲ့ကြကာ အကြိုတည်ဆောက်မှုလုပ်ငန်းများကို ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှစတင်ဆောင်ရွက်ခဲ့ကြကြောင်းရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် စီမံကိန်း အနေဖြင့် ရေယူအဆောက်အအုံမှာ ၂၀၂၃ ခုနှစ် ဩဂုတ်၂၃ရက်ကရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း၊ပင်မတမံလုပ်ငန်းအနေဖြင့့် ၇၉ ဒသမ ၁၉ ရာခိုင်နှုန်း၊ ရေပိုလွှဲလုပ်ငန်းအနေဖြင့် ၇၈ ဒသမ ၉၇ ရာခိုင်နှုန်း၊ ရေလွှဲဥမင်လိုဏ်လုပ်ငန်းအနေဖြင့် ၉၆ ဒသမ၇၉ ရာခိုင်နှုန်း၊ ရေထိန်းတံခါးပြွန်လုပ်ငန်းအနေဖြင့် ၉၇ ဒသမ ၇၅ ရာခိုင်နှုန်း၊ ရေလွှဲဥမင်လိုဏ်အထွက်မြောင်းလုပ်ငန်းအနေဖြင့် ၉၈ ဒသမ ၀၀ ရာခိုင်နှုန်း၊ ဓာတ်အားပေးစက်ရုံလုပ်ငန်းအနေဖြင့်၇၇ ဒသမ ၂၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

စီမံကိန်း အားလုံး ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရာခိုင်နှုန်း အပြည့် ပြီးစီးမည် ဖြစ်ပြီးအဆိုပါ စီမံကိန်းမှ စက်တပ်ဆင်အင်အား ၃၇ မဂ္ဂါဝပ် ဓာတ်အားပေးစက်သုံးလုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၁၁၁ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်းထုတ်လုပ်ကာ ရခိုင်ပြည်နယ်အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းအကောင်အထည်ဖော်တည်ဆောက်ရာတွင် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းနှင့် ရေအား အဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းဟူ၍ လုပ်ငန်းအပိုင်းနှစ်ပိုင်းရှိပြီး စီမံကိန်းချဉ်းကပ်လမ်း ဖောက်လုပ်ခြင်း၊ စီမံကိန်းစခန်း တည်ဆောက်ခြင်း၊ ရေ၊ မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စူးစမ်းလေ့လာတိုင်းတာခြင်းများသည် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများတွင် ပါဝင်ကြောင်း၊ စိမ့်ရေတားနံရံ၊ ရေလွှဲဥမင်လိုဏ်၊ ရေယူအဆောက်အအုံ၊ ပင်မတမံ၊ ရေပိုလွှဲ၊ အကူရေပိုလွှဲ၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြှင့် သံမဏိပိုက်လိုင်း၊ ဆွစ်ယာ့ဒ်နှင့် ဓာတ်အားပေးစက်ရုံစသည်တို့သည် ရေအားအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းတွင် ပါဝင်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group