၁၀ နိုဝင်ဘာ ၂၀၂၃

ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) စိုးထွဋ်ကို ရာထူးနှင့်လုပ်ပိုင်ခွင့် မလျော်ဩဇာအသုံးပြုခြင်းတံဆိုးလက်ဆောင်ရယူခြင်းနှင့် လုပ်ငန်းများထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ ကျူးလွန်ခဲ့သဖြင့် စစ်ဘက်ဆိုင်ရာ တရားရုံးက ထောင်ဒဏ် (၅)နှစ်ချမှတ်လိုက်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) စိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့စဉ် Green Channel စနစ်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများက အကူအညီ တောင်းခံခဲ့မှုအပေါ် ၎င်း၏ ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မလျော်ဩဇာအသုံးပြု၍ နိုင်ငံကူးလက်မှတ်များ ခွင့်ပြုပေးရန် ညွှန်ကြားခဲ့ခြင်း၊ တံစိုးလက်ဆောင် လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက်သာချောင်ချိရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာ ရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသည့် ဆောင်ရွက်မှုများအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ထောင်ဒဏ်(၅)နှစ်ချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ယင်းအပြင် အမှုတွင်ပါဝင် ပတ်သက်ခဲ့သူများကို နယ်ဘက်တရားရုံးတွင်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ  ကို ရဲစည်းကမ်း ဖြင့်လည်းကောင်း ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

-ymg/knl