၆ နိုဝင်ဘာ ၂၀၂၃

နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက ပထမအကြိမ် မြန်မာ- ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း 1th MYANMAR-RUSSIA MARITIME SECURITY EXERCISE (MARUMEX) ပြုလုပ်ရန် ရန်ကုန်မြို့တွင်ရောက်ရှိနေသည့် Russian Pacific Fleet စစ်ရေယာဉ်အုပ်စုကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးကို  ရုရှားဖက်ဒရေးရှင်း နိုင်ငံရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်တို့ကကြိုဆိုကာ Russian Pacific Fleet စစ်ရေယာဉ်အုပ်စု၏ ဂုဏ်ပြုတပ်ဖွဲ့က  နှစ်နိုင်ငံနိုင်ငံတော်တေးသီချင်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ နစကရဲ့သတင်း ထုတ်ပြန်ချက် မှာ ဖော်ပြ  ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့ဝင်များသည် ရုရှားစစ်ရေယာဉ် Admiral Tributs သို့တက်ရောက်ရာ စစ်ရေယာဉ်မှူး 2nd rank Igor N.TOLBATOV ကကြိုဆိုပြီး သင်္ဘောပေါ်ရှိ စစ်ရေယာဉ်၏ စက်ပိုင်းဆိုင်ရာနှင့် တပ်ဆင်ထားသည့် ကာကွယ်ရေးဆိုင်ရာ လက်နက်များ၏စနစ်များနှင့် စွမ်းရည်များ၊ ခေတ်မီစနစ်များ တပ်ဆင်ထားရှိသည့် အခြေအနေများ၊ ရေငုပ်သင်္ဘော  တိုက်ဖျက် ရေးရဟတ်ယာဉ် ဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြကြခဲ့ကြပါတယ်လို့သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသည် ရုရှားစစ်ရေယာဉ် Admiral Tributs ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင်မှတ်တမ်း လက်မှတ်  ရေးထိုးပြီး ရုရှားရေတပ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)တို့က ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်း   လုံခြုံရေး  ဆိုင်ရာလေ့ကျင့်ခန်း 1th MYANMAR-RUSSIA MARITIME SECURITY EXERCISE (MARUMEX) ဖွင့်ပွဲ အထိမ်းအမှတ်  ခေါင်းလောင်းနှင့် အထိမ်းအမှတ်တံဆိပ်တို့အား ဗိုလ်ချုပ်မှူးကြီးထံပေးအပ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးကလည်း စစ်ရေယာဉ်မှူး   ထံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အထိမ်းအမှတ် တံဆိပ်ကိုပေးအပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရေတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက် ဆောင်ပစ္စည်းများ အပြန်အလှန်   ပေးအပ်ကြပြီးနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ်မှ တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း 1th MYANMAR-RUSSIA MARITIME SECURITY EXERCISE (MARUMEX) ကို မြိတ်မြို့၏ အနောက်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာတွင် မြန်မာ့တပ်မတော်(ရေ)နှင့် ရုရှား ရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ်များဖြင့် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

-ymg/knl