၂၆ အောက်တိုဘာ ၂၀၂၃

ယနေ့ကာလအထိ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအားရန်သူသဖွယ်သဘောထားခြင်းမှာ ကြီးမားသောနောက်ခံ အကြောင်း ရှိတယ်လို့  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ   ဖော်ပြထားပါ  တယ်။

အောက်တိုဘာ ၂၆ ရက်ယနေ့နံနက်က နေပြည်တော် နစက ဥက္ကဋ္ဌရုံးတွင် ကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီအစည်းအဝေး(၅/၂၀၂၃) ၌ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကား   ပြောကြားရာမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အရှေ့တောင်အာရှဒေသတွင် အမေရိကန်ဦးဆောင်သော SEATO အဖွဲ့ကို ၁၉၅၄ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး အဓိကရည်ရွယ်ချက်မှာ အရှေ့တောင် အာရှဒေသအတွင်း ကွန်မြူနစ်စနစ်မပြန့်ပွားရေးပင်ဖြစ်ကြောင်းနှင့် ၁၉၇၇ ခုနှစ်၊ ဇွန်လ မှ ၎င်းအဖွဲ့ကိုဖျက်သိမ်းခဲ့ကြောင်းဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပါ ပြည်နယ် များခွဲထွက်ခွင့်၊ ၎င်းအပေါ်မူတည်၍ ၁၉၆၁ -၁၉၆၂ ခုနှစ် တွင် ဖြစ်လာသည့် ပြည်နယ် များ၏ တောင်းဆိုမှုများကို SEATO ဖြစ်စဉ်နှင့် ဆက်စပ်ကြည့်ပါက မြန်မာ့နိုင်ငံရေး၏ ရှုပ်ထွေးမှုကို သဘောပေါက်နိုင်မည်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ထောက်ပြပြောဆိုတဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ၎င်းတို့ဖြစ်စေချင်သည့်အတိုင်း မဖြစ်သည့်အခါ ယင်းကဲ့သို့မဖြစ်အောင်   ကာကွယ်နိုင်သည့် အင်အားစုများကို ရန်ပြုခြင်းမှာ မြင်သာသည့် အကြောင်းအရာပင်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက သုံးသပ်ပြောဆိုပါတယ်။

မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှုများကို အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုမှ စဉ်ဆက်မပြတ်ပြုလုပ်ခဲ့မှုများ ရှိကြောင်း၊ မြန်မာနှင့်အမေရိကန်သည် ရန်ဘက်နိုင်ငံများ မဟုတ်ကြောင်း၊ စစ်ဖြစ်ပွားဖူးခြင်းလည်း မရှိကြောင်း၊ ယုတ်ဆွအဆုံး အရှေ့တောင် အာရှတွင် အမေရိကန်ကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့သော ဗီယက်နမ်စစ်ပွဲ၌ပင် မြန်မာ တို့ပါဝင်ပတ်သက်မှုမရှိခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက အတိတ်သမိုင်းကို ပြန်ပြောင်းပြောဆို ပါတယ်။

ယခုလက်ရှိအခြေအနေတွင်လည်း အမေရိကန်ဦးဆောင်သော အုပ်စု၏ ရည်မှန်းချက် မှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံဖြစ်သော တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေး  (China Containment Policy) ပင်ဖြစ်လို့ မြန်မာနိုင်ငံ၌ ၎င်းတို့လိုလားသော အစိုးရ/အုပ်စု အာဏာရရှိရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခြင်းဖြစ်ပြီးမရရှိခဲ့ပါက မြန်မာနိုင်ငံ၌ ကဏ္ဍပေါင်းစုံ မငြိမ် မသက်ဖြစ်အောင် ဆောင်ရွက်နေတာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဝေဖန်ပြောဆိုပါတယ်။

ယင်းအပြင် အမေရိကန်နိုင်ငံကိုယ်တိုင်က အကြမ်းဖက်အဖွဲ့များကို ခေါင်းစဉ်အမျိုးမျိုး အကြောင်းအမျိုးမျိုးဖြင့် ကူညီနေကြောင်း၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စသောနိုင်ငံများသည် သမိုင်းအစဉ်အလာအရ ရင်းနှီးသောမိတ်ဆွေ နိုင်ငံများဖြစ်ကြောင်း၊ သို့သော် အမေရိကန်၏ဩဇာလွှမ်းမိုးမှုကိုမလွန်ဆန်နိုင်သော နိုင်ငံများက မိမိတို့နိုင်ငံအပေါ် ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ပိတ်ဆို့မှုများ ပြုလုပ် ခဲ့ကြတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုတာကို သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နစကအနေနှင့် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာ သည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းထားပြီး ပါတီစုံဒီမိုကရေစီစနစ်အတွက် တိုင်းသိပြည်သိ အာမခံ ထားတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ထပ်လောင်းပြောဆိုပါတယ်။

နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေကို ယခုထက်ပိုမို ကောင်းမွန်စေ လိုလျှင်ပိုမိုပူးပေါင်းဆောင်ရွက်  သင့်ပြီးအကြမ်းဖက်အဖွဲ့အစည်းများကို တိုက် ရိုက်(သို့မဟုတ်)သွယ်ဝိုက်အားပေးနေခြင်းသည် ပြည်သူတို့၏ဆန္ဒဖြစ်သော ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် နှောင့်နှေးသွားနိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ပါတယ်။

အစည်းအဝေးတွင် ကောင်စီဝင်များက တိုင်ဒေသကြီးနှင့် ပြည်နယ်အလိုက် နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး

ကောင်စီတွဲဖက်အတွင်းရေးမှူး က ၂၀၂၃ ခုနှစ် အောက်တိုဘာလ တွင်း နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

#ymg/knl