#Local_News
Published_ 14 October 2023


မန္တလေးပဲနှမ်းဈေးကွက်သို့ စမုံနှမ်းနက်အသစ်များဈေးကွက်အတွင်း ဝင်ရောက်‌ နေသော်လည်းအဝယ်သွက်နေသောကြောင့် ဈေးရနေကြောင်း ပဲနှမ်းကုန်သည်များထံမှ သိရသည်။

 

ထိုသို့ဈေးကောင်းရာတွင်တစ်ပတ်တာအတွင်း အမျိုးအစားအလိုက်နှမ်း တစ်အိတ်လျှင်ကျပ် ၅,၀၀၀ မှ ၂၀,၀၀၀ကျပ်အထိ ဈေးနှုန်းအသီးသီးမြင့်တက်နေကြောင်း သိရသည်။



"လက်ရှိဈေးကွက် အခြေအနေကတော့တရုတ်ကလည်း အဝယ်လိုက်နေတဲ့အတွက်ဈေးတက်လာတယ်။ အသစ်ထွက်နေချိန်မှာဈေးလေးရတော့စိုက်သူတွေအတွက်မဆိုးဘူးလို့ပြောရမယ်။ မနှစ်ကဆိုဒီအချိန်စမုံနက်နှမ်းတစ်အိတ်ကိုသုံးသိန်းပဲရတယ်"ဟုမန္တလေးမြို့မှ ပဲနှမ်းကုန်သည်ဦးကြည်ဝင်းက ပြောသည်။

 

ပြီးခဲ့သည့်နှစ်ကာလတူက အရည်အသွေးကောင်းမွန်သည့် စမုံနှမ်းနက်တစ်အိတ်လျင်ကျပ်သုံးသိန်းအထိသာ ဈေးနှုန်းရရှိပြီး လက်ရှိတွင် ကျပ် ၃၈၅၀၀၀ အထိဈေးနှုန်းရရှိနေကြောင်း သိရသည်။

 

လတ်တလောတွင် ၄၅ ပိသာဝင်နှမ်းနက်စမုံတစ်အိတ်လျှင်အရည်အသွေးအလိုက်ကျပ်၂၉၀,၀၀၀ မှ ၃၆၅,၀၀၀ကျပ်၊ နှမ်းဖြူတစ်အိတ်လျှင် အရည်အသွေးအလိုက်ကျပ် ၃၈၅,၀၀၀ မှ ၃၉၀,၀၀၀ကျပ်၊ နှမ်းညိုတစ်အိတ်လျှင် အရည်အသွေးအလိုက်ကျပ်၂၈၅,၀၀၀ မှ ၂၉၀,၀၀၀ကျပ်၊ နှမ်းနီတစ်အိတ်လျှင် အရည်အသွေးအလိုက်ကျပ် ၃၁၅,၀၀၀မှ၃၂၀,၀၀၀ကျပ်၊ ပန်းနှမ်းတစ်အိတ်လျှင်အရည်အသွေးအလိုက်ကျပ်၁၉၅,၀၀၀ မှ၂၀၀,၀၀၀ ကျပ် အထိဈေးနှုန်းအသီးသီးရှိနေကြောင်း သိရသည်။

 

မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည့်စစ်ကိုင်းတိုင်း မကွေးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ နှမ်းကိုအဓိကစိုက်ပျိုးပြီး သက်လျှင်သက်လတ်နှင့်သက်ကြီးမျိုးများအဖြစ်စိုက်ပျိုးလေ့ရှိကာ သက်တမ်းအားဖြင့်ရက် ၆၀ မှ ၁၅၀ ရက်အထိရှိကြောင်း သိရသည်။

 

နှမ်းလျင်ကိုမိုးကြို စိုက်အဖြစ်ဖေဖော်ဝါရီလမှမတ်လအတွင်းစိုက်ပျိုးလေ့ရှိပြီးမိုးစိုက်အဖြစ်မေနှင့်ဇွန်လများ၌ စိုက်ပျိုးလေ့ရှိကာ လယ်သီးထပ်အဖြစ် အော
က်တိုဘာနှင့် နိုဝင်ဘာလများ၌စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

 

နှမ်းသည် မျိုး၊ မြေ၊ စိုက်နည်းစနစ်၊ သွင်းအားစု၊ ပြုစုနိုင်မှုအပေါ် မူတည်၍ တစ်ဧကလျှင်(၃တင်းမှတင်း၂၀)အထိ ထွက်ရှိနိုင်ကြောင်း သိရသည်။

 

#Local_News #နှမ်းအသစ်များဈေးကွက် #အဝယ်သွက်၍ဈေးကောင်းရနေ #YMG/NN