၁၁ အောက်တိုဘာ ၂၀၂၃

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း ဗီချစ်ချစ်ဗီမန်းကို သူ၏ ချန်တူချက်အိမ်တွင် ဓားဖြင့်ထိုးသတ်ခဲ့မှု (သတင်းဖော်ပြပေးပြီး) ဖြင့် မြန်မာလူငယ်တစ်ဦးကို  ထိုင်းရဲက အလိုရှိနေပြီး အဲဒီလူငယ်ဟာ အခင်းဖြစ်ပြီး နောက်တစ်ရက်မှာ ချင်းရိုင်ပြည်နယ်ကနေ နယ်စပ်ဖြတ်ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဘန်ကောက်ပို့စ်က သတင်းဖော်ပြပါတယ်။

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို တနင်္လာနေ့မှာ ရဲက ထုတ်ပြန်ခဲ့ပါတယ်။

သံသယတရားခံမှာ အသက် ၁၉နှစ်အရွယ် မြန်မာနိုင်ငံသား စိုင်းမြတ်မိုးဆိုသူဖြစ်တယ်လို့ ထိုင်းမြို့ပြရဲဒေသခွဲအမှတ်(၂)ရဲ့ ရဲဗိုလ်မှူးချုပ် အက်တာပိုလ်အန်နူဆစ်က ထုတ်ဖော်ပြောပါတယ်။

အသက်၆၃နှစ်အရွယ် ဗီချစ်ကို ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာ(၃)ချက်နှင့် သူရဲ့ ဗစ်ဟာဗါဒီရန်ဆစ်၂၀လမ်းက အိမ်မှာ တနင်္ဂနေံနေ့က သေဆုံးနေတာကိုတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

အသတ်ခံရသူဟာ အဲဒီအိမ်ကို စက်တင်ဘာ ၉ရက်နေ့က ပြောင်းရွှေ့လာပြီး တစ်ဦးတည်းနေတာဖြစ်ပါတယ်။ သံသယတရားခံဟာ စက်တင်ဘာ ၁၉ရက်ကတည်းက အဲဒီအိမ်မှာ အလုပ်လုပ်ပေးနေတာပါ။

စိုင်းမြတ်မိုးဟာ အိမ်ဆေးသုတ်တဲ့အလုပ်လုပ်ပေးနေတာဖြစ်ပြီး စက်တင်ဘာ ၂၅ရက်နေ့မှာ အသတ်ခံရသူရဲ့အိမ်ကို ရောက်ရှိလာတာကို စီစီတီဗွီရုပ်သံတွေမှာ တွေ့ရပါတယ်။ အဲဒီအချိန် သံအမတ်ကြီးဟောင်းဟာ သူ့ကို အိမ်ဂိတ်တံခါး ဖွင့်ပေးတာကိုလည်း စီစီတီဗွီမှာတွေ့ကြရပါတယ်။

သုံးရက်အကြာမှာ သံသယတရားခံဟာ သံအမတ်ကြီးဟောင်းဗီချစ်ကို အိမ်ရဲ့ပထမထပ်မှာ ကိုယ်ထိလက်ရောက်တိုက်ခိုင်ခဲ့ပါတယ်။ အဲဒီအခါ သံအမတ်ကြီးဟောင်းဟာ ဒုတိယထပ်အိမ်သာထဲ ထွက်ပြေးခဲ့ပါတယ်။ အဲဒီအခန်းထဲမှာ တရားခံက သူ့ကို ဓားနှင့် ခြိမ်းခြောက်ပြီး သံအမတ်ကြီးဟောင်းရဲ့ အေတီအမ်ကတ် လျှို့ဝှက်နံပါတ်ကိုတောင်းခဲ့ပါတယ်။

လျှို့ဝှက်နံပါတ်ရပြီးတဲ့အခါ တရားခံက  ဗီချစ်ကို ထပ်ခါထပ်ခါဓားနှင့်ထိုးပြီးသတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တရားခံဟာ အိမ်ထဲက အဖိုးတန်ပစ္စည်းအားလုံးကို ခိုးယူသယ်ဆောင်သွားပြီး အငှားယာဉ်တစ်စီးနှင့် ထွက်ပြေးသွားခဲ့တယ်လို့ ရဲကပြောပါတယ်။

ဗီချစ်ရဲ့ မိုဘိုင်းဖုန်းတွေရော တက်ဘက်ကွန်ပျူတာတွေရော ပျောက်ဆုံးနေပါတယ်။ နောက်ပိုင်းမှာ လက်ဖရောင်းအရပ်က ဈေးဝယ်စင်တာတစ်ခုရဲ့ အေတီအမ်မှာ ဗီချစ်ရဲ့အကောင့်ထဲက ဘတ်ငွေ ထောင်ပေါင်းများစွာထုတ်ယူသွားခဲ့ပါတယ်။

အဲဒီနောက်တရားခံဟာ မိုချစ်ဘတ်စ်ကားဂိတ်ကနေ ဘတ်စ်ကားစီးပြီး မြန်မာနိုင်ငံနယ်စပ်ဖြစ်တဲ့ မြောက်ပိုင်းချင်းရိုင်အထိသွားခဲ့ပါတယ်။

တရားခံဟာ စက်တင်ဘာ ၂၉ ရက် မနက်၇နာရီ ၂၂မိနစ်မှာ မယ်ဆိုင်စစ်ဆေးရေးဂိတ်ကနေ မြန်မာနိုင်ငံထဲဝင်ရောက်သွားခဲ့တယ်လို့ ချင်းရိုင်လူဝင်မှုကြီးကြပ်ရေးရဲဌာနရဲ့ အစီရင်ခံစာအရသိရကြောင်း ရဲဗိုလ်မှူးချုပ် အက်တာပိုလ်က ပြောပါတယ်။

Source BangkokPost