၂၃ စက်တင်ဘာ ၂၀၂၃

စာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ ၅၅၅ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၂၃ ရက် မနက်က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့ပါတယ်။

ရှေးဦးစွာ ဗိုလ်ချုပ်မှူးကြီးသည် စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပြခန်းအတွင်း လှည့်လည်၍ စာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ ဘဝမှတ်တမ်းများ၊ မှတ်တမ်းဓာတ်ပုံများ၊ ရေးသား ပြုစုတော်မူခဲ့သည့် စာပေနှင့် ပေကျမ်းများ၊ ခေတ်ပြိုင်စာဆိုတော်များ၊ စာဆိုတော် ရှင်မဟာရဋ္ဌသာရ ကို ဂုဏ်ပြုရေး သားထားသည့်  ဆောင်းပါးများ ခင်းကျင်းပြသ ထားရှိမှုကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီနောက် စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက်မွေးနေ့ အထိမ်း အမှတ် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က အဆိုပါအခမ်းအနားကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ပါတယ်။

အဲဒီနောက် သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ လဲ့လဲ့ဝင်း၊ ဦးအမ်းယုမောင် (မောင်လူမွှေး-မြန်မာမှု)၊သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းဦးနှင့် ပြင်ပပညာရှင် ဦးသူရဇော် က ရှင်မဟာ ရဋ္ဌသာရနှင့်ပတ်သက်သည့် စာတမ်းအသီးသီးကိုဖတ်ကြားခဲ့ကြပါတယ်။

နစကဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူတွေဟာ စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ကပြဖျော်ဖြေတင်ဆက်ကြသည့် “ကျေးဇူးသစ္စာ ပန်းအလင်္ကာ” ဂုဏ်ပြု တေးဂီတ ကဇာတ် ကိုကြည့်ရှု   အားပေးခဲ့ကြတယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာတို့၏ စာပေသမိုင်းတွင် ယနေ့ထက်တိုင် အမြတ်တနိုး တန်ဖိုးထား၍ လေ့ လာဖတ်ရှုပြီး အတုယူစံထားရသည့် စာပေပညာရှင်များ အမြောက်အများ ပေါ်ထွန်းခဲ့  ယင်းစာပေပညာရှင်များအနက် အင်းဝခေတ် သက္ကရာဇ်(၈၃၀) က ပေါ်ထွန်းခဲ့သည့် ရှင်မဟာရဋ္ဌသာရ သည်လည်း တစ်ပါးအပါအဝင်ဖြစ်ပါတယ်။

စာဆိုတော် ရှင်မဟာရဋ္ဌသာရ ရေးသားခဲ့တဲ့ ကဗျာလင်္ကာများအနက် မြန်မာနိုင်ငံ စာပေသင်ကြားမှုသမိုင်းတွင် အထင်ကရ ရှိခဲ့သည့် သင်ကြားမှုနည်းစနစ်တစ်ခုမှာ “သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ” “အက္ခရာစွဲသုံး ဤရှစ်လုံးကို သီကုံးပန်းသွင် နေ့တိုင်းဆင်လော့” ဟူသည့် ဆုံးမစာ လင်္ကာသွားပင်ဖြစ်ကြောင်းသိရှိရပါတယ်။

Knl/ymg