#Local_News
Published 17 September 2023
 
(၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ တွင်မြန်မာထွက်ကုန်(၁၀)မျိုးကိုပြခန်း(၈၀)ဖြင့်ပြသထားကြောင်းနှင့် ယခုနှစ်ခုနှစ်လတာအတွင်း တရုတ်-အာဆီယံနှစ်ဦးနှစ်ဖက်အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုသည်အမေရိကန်ဒေါ်လာ ၂၈၀ ဘီလီယံကျော်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။

 

အဆိုပါကုန်စည်ပြပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်အထိတရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသ ၊နန်နင်းမြို့တွင် ကျင်းပနေခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် ပြခန်းပေါင်း ၈၀ တွင် ဆန်၊ ရေထွက်ကုန်ပစ္စည်း၊ သစ်သီး၊ ကော်ဖီ၊ လက်ဖက်စိမ်း၊ အမွှေးအကြိုင်၊ သစ်ထွက်ကုန်၊ အထည်ချုပ်ပစ္စည်းနှင့် အဝတ်အစား၊ လက်မှုပစ္စည်းနှင့် ကျောက်မျက်ရတနာတို့ကို ပြသလျက်ရှိသည်။

 

အဆိုပါ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ကိုယ်စားလှယ်အဖွဲ့ဦးဆောင်၍ တက်ရောက်မည်ဖြစ်ပြီးယခုအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ စုစုပေါင်းပြခန်းဧရိယာမှာ စတုရန်းမီတာ ၁၀၂,၀၀၀ ရှိပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံမှ လုပ်ငန်းကုမ္ပဏီပေါင်း ၇၅၀ နီးပါးတက်ရောက်ပြသမည်ဖြစ်သည်။ 

 

ယခုအကြိမ် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် “Belt and Road အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးလာစေရေးမြှင့်တင်ခြင်းနှင့် စီးပွားရေးကြီးထွားမှုဗဟိုချက် အသစ်ကိုပြုစုပျိုးထောင်ပေးခြင်းတို့ဖြင့် အတူမျှဝေခံစားသည့် အနာဂတ်နှင့် ဟန်ချက်ညီမျှသည့် နေရာတစ်ခု ဖြစ်လာစေရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့်ကျင်းပခြင်းဖြစ်သည်။

 

ယမန်နှစ်က တရုတ်-အာဆီယံ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၉၇၀ ဘီလီယံကျော်လွန်ခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၁.၂% တိုးတက်လာခဲ့သည်။ ယခုနှစ် ဇူလိုင်လအထိ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့် နှစ်ဦးနှစ်ဖက်အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂၈၀ ဘီလီယံကျော်ပြီဖြစ်ကြောင်းသိရသည်။

 

#tthl #Local_News #တရုတ်-အာဆီယံကုန်စည်ပြပွဲ #မြန်မာထွက်ကုန်ပြခန်း
#Yangon_Times