၁၇ စက်တင်ဘာ ၂၀၂၃
ညီနောင်မဟာမိတ် (၃)ဖွဲ့က နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ် အနှောင့်အယှက် ပေးခြင်း၊ ဆက်ကြေး တောင်းခြင်း စသည့်ပြစ်မှုများကျူးလွန်သည့် မည်သူကိုမဆို ဥပဒေအရ အရေးယူဆောင် ရွက်သွားရန် ဆုံးဖြတ်ချက် တစ်ရပ်ကို ပြီးခဲ့သည့် ဇူလိုင်လကတည်းကပင် ချမှတ်ခဲ့ကြသည်ကို ယင်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
ညီနောင် ၃ ဖွဲ့မှာ ရက္ခိုင့် တပ်တော် (AA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ် တို့ဖြစ်ကြသည်။
ညီနောင် အဖွဲ့ ၃ ဖွဲ့၏ ပူးတွဲထုတ်ပြန်ကြေညာချက်တွင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့်ပြည်သူ လူထု တစ်ရပ် လုံး ၏အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်စောင့် ရှောက်ရေးဟူသည့် မွန်မြတ်သောတာဝန်ဝတ္တရား ကို ကျေပွန်စွာထမ်းဆောင်ရန်အတွက် ယင်းတို့၏ ထိန်းချုပ်နယ်မြေများနှင့် လှုပ်ရှားနယ်မြေများအတွင်း၌ အကြမ်း ဖက်တိုက်ဖျက်ရေး နှင့်ရာဇဝတ်မှုကျူးလွန်သည့်လုပ်ရပ်များအားချေမှုန်းရေးလုပ်ငန်းများကို ပိုမိုတိုး တက် ကောင်းမွန်ရန်အတွက် တက် တက်ကြွကြွနှင့်အတူတကွပူးပေါင်းဆောင်ရွက်သွားနိုင်ရန် သဘောထားထုတ်ပြန် ခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ယင်းဖော်ပြချက်တွင် ဒေသတည်ငြိမ်အေးချမ်းရေး၊လုံခြုံရေး နှင့် သူတစ်ပါး၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်စေနိုင်သော မည်သည့်အကြမ်းဖက်လုပ်ရပ်များနှင့် ကျူးလွန်သူများကို မည်သည့်အခါတွင်မျှအား မပေး ဘဲ တားဆီးတိုက်ဖျက် ချေမှုန်းသွားမည် ဖြစ်ကြောင်းနှင့် ရာဇဝတ်မှုကျူးလွန်သည့်လုပ်ရပ်များ နှင့်ပတ် သက် သောပစ္စည်းဥစ္စာများကို ဥပဒေနှင့်အညီထိန်းသိမ်းပြီး စစ်ဆေးကာ နည်းမှန်လမ်းမှန်အရေးယူသွား မည် ဖြစ် ကြောင်းလည်း ပါရှိသည်။
ယင်းအပြင် နိုင်ငံတကာမှလာရောက်ရင်းနှီးမြှုပ်နှံသောစီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ် အနှောင့်အယှက်ပေးခြင်း၊ ဆက်ကြေး တောင်းခြင်း စသည့်ပြစ်မှုများကျူးလွန်သည့် မည်သူ့ ကို မဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားရန်၊အကြမ်းဖက်လုပ်ရပ်အားကျူးလွန်သူများ၊ ရာဇဝတ်မှုကျူး လွန်သူများအား အကာအကွယ်ပေးနေသူများကို ဖြိုခွင်းတိုက်ဖျက်အရေးယူသွားရန်၊လူကုန်ကူးခြင်း နှင့် အတင်းအဓမ္မလုပ်အားခိုင်းစေသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် နှင့် အကြမ်းဖက်လုပ် ရပ်များ ကျူးလွန်သောသူများကိုတွေ့ရှိပါက ယင်းတို့ထံအချိန်မီသတင်းပို့ကြပါရန်လည်း မေတ္တာရပ်ခံထားသည်ကိုတွေ့ရသည်။
အလားတူ မြန်မာပြည်သူလူထုတစ်ရပ်လုံး နှင့် ယင်းတို့၏ တော်လှန်ရေးအဖွဲ့အစည်းများအပေါ် အားပေး ထောက်ခံ ကြသောသူများအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊အကြမ်းဖက်တိုက်ဖျက်ရေး နှင့် ရာဇဝတ်မှုကျူး လွန်သည့်လုပ်ရပ် များကို ချေမှုန်းရေးလုပ်ငန်းများတွင် အတူတကွတက်ကြွစွာပူးပေါင်းဆောင်ရွက်ကြရန် လည်း အထူးတိုက်တွန်းထားသည်ကိုတွေ့ရသည်။

“ကျွန်တော်တို့ တိုင်းပြည်က ဖွံ့ဖြိုးမှူအနိမ့်ဆုံးနိုင်ငံ ပဲ ရှိပါသေးတယ်။ပြီးတော့ ဈေးကွက်စီးပွားရေးနဲ့ ဒီမိုက ရေစီကို သွားတဲ့အခါ အားလုံးသိတဲ့အတိုင်းပဲ ၂၀၂၀ ရွေးကောက်ပွဲ ကိစ္စကြောင့် ၂၀၂၁ ခုနှစ်မှာ အာဏာ ထိန်းရတဲ့အနေအထားဆိုတော့ ဒီမိုကရေစီကလည်း တန့်ရပ်နေတယ်ဆိုတဲ့ သဘော ဖြစ်နေ တာပေါ့နော်။ နောက်စ်ပိုင်းက ဈေးကွက် စီးပွားရေးမှာလည်း ၆၂ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် တံခါး ပိတ်စီးပွားရေး ဖြစ်ခဲ့ပြီး ဒီဘက်ကိုရောက်လာတော့လည်း တိုင်းပြည်က ဖွံ့ဖြိုးမှု နည်းခဲ့တာ ရှိတယ်။ဒီဘက်မှာ ကျတော့ တပ်မတော် လက်ထက်မှာ စီးပွားရေးပိတ်ဆို့ခဲ့တာ ဖြစ်တယ်။ဒါကြောင့် ဖွံ့ဖြိုးမှု မရှိ ဖြစ်နေတယ်။အခု က တံခါးပြန်ဖွင့်တဲ့အခါ ရင်းနှီးမြှုပ်နှံမှုက မဖြစ်မနေ လိုအပ်တယ်။ကျွန်တော်တို့ ဆီမှာလေ။အဲဒါကြောင့် ကျွန်တော် တို့ကို ပိတ်ဆို့ထားတဲ့ နိုင်ငံ ရှိနေပေမဲ့လည်း ကျွန်တော်တို့နဲ့ လက်တွဲလုပ်နိုင်တဲ့ ဥပမာ တရုတ်လို နိုင်ငံပေါ့။ ကမ္ဘာမှာ ဒုတိယအကြီးဆုံးနိုင်ငံကြီးနားမှာ နေရတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လာတာကို ကြိုဆိုရမယ်။ ပြည်တွင်းမှာကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ များတယ်ပေါ့။ပိုဆိုးတာက အခု နွေဦးတော်လှန်ရေးလို့ ဖြစ်လာပြီးတဲ့နောက် အဖွဲ့အစည်းတွေက ထွက်ပေါ်လာတဲ့အခါကျတော့ တိုင်းပြည်မှာ မတည်ငြိမ်မှုတွေက အများကြီး ဖြစ်လာတယ်။အများကြီး ဖြစ်လာတော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေကလည်း မြန်မာပြည်ကို လာဖို့ လက်တွန့်နေတယ်ပေါ့နော်။ဆိုတော့ ဒီကာလမှာ သူတို့ရဲ့ ထုတ်ပြန်ချက်ကို ပြန်ကောက်ရရင် ဒီထုတ်ပြန်ချက်က အပြုသဘောဆောင်တယ်လို့ပဲ ပြောရမှာပါ။ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ တိုင်းပြည်မှာ ဘယ်သူပဲ ရင်းနှီးမြှုပ်နှံမှု လာလုပ်လုပ် ကျွန်တော်တို့အနေနဲ့ မထိခိုက် မဆုံးရှုံးအောင် ကာကွယ်ရမှာပဲ။ဒါဆိုရင် တဖြည်းဖြည်းနဲ့ ရင်းနှီးမြှုပ်နှံသူတွေရောက်လာပြီး စီးပွားရေး ပြန်လည် ဦးမော့လာမယ်လို့ ယူဆပါတယ်။ဒါကြောင့် ဒီထုတ်ပြန်ချက်က ကောင်းတဲ့ သဘော ဖြစ်တယ်လို့ ယူဆပါတယ်။နောက်တစ်ခုက တိုင်းရင်းသားလက်နက် ကိုင်တွေက တောင်းဆိုလာခဲ့ကြတဲ့ ဖက်ဒရယ်တွေ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊တန်းတူညီမျှမှုတွေပေါ့။ အစိုးရအဆက်ဆက်နဲ့ ညှိနှိုင်းနေကြတုန်းပါပဲ။ဥပမာရခိုင်မှာ ရင်းနှီးမြှုပ်နှံရင် ဘယ်လိုပဲ ဖြစ်ဖြစ်ရခိုင်ပြည်နယ်ကြီး တိုးတက်ရင် ရခိုင်လူမျိုးတွေ ခံစားရတာပဲလေ။AA ရဲ့ ဦးတည်ချက်က ရခိုင်ပြည်နယ်အတွက် တိုက်ပွဲဝင်နေတယ်ဆိုရင် ရခိုင်ပြည်နယ် မှာ ဖျက်ဆီးနှောင့်ယှက်တာ ကို ကာကွယ်မယ်ဆိုရင်တော့ ဒါက မှန်တယ်လို့ ပြောရမှာပေါ့။အခုလို အပြုသဘောဆောင်တဲ့ အရာတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေက ထုတ်ပြန်လာတာကို ကျင့်သုံးလာတယ်ဆိုတာကိုတော့ ကြိုဆိုရမှာ ဖြစ်ပါတယ်”ဟု အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်သူအောင် က ပြောသည်။

ယင်းညီနောင် ၃ ဖွဲ့က ပြီးခဲ့သည့် ဇွန်လ ၁ ရက် နှင့် ဇွန်လ ၂ ရက်က အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မ တော် (NDAA) ထိန်းချုပ်သည့် မိုင်းလားမြို့၌ နစက၏ အမျိုးသား စည်းလုံးညီညွှတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်စဉ် နောက်ပိုင်း ယင်း ထုတ်ပြန် ချက်ကို ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုမှာလည်း တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုကြောင့် ဖြစ်လာသည့်ဆွေးနွေးမှု ဖြစ် ကြောင်း အားလုံးက နားလည် ထားကြခြင်း ဖြစ်သည်။ယင်းအပြင် ၎င်းတို့ တွေ့ဆုံဆွေးနွေးမှုတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူး သံတမန် မစ္စတာကောပေါင်လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းမှာ နစက တာဝန်ယူသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းတွင် NSPNC နှင့် ညီနောင် မဟာမိတ် (၃) ဖွဲ့တို့ ၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ခဲ့သည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ အနေဖြင့် အဆိုပါ ဆွေးနွေးပွဲကို လိုလိုလားလား ဆွေးနွေးချင်ပုံ မရကြောင်းနှင့် တရုတ်တိုက်တွန်းမှုကို မလွဲသာ၍ အစည်း အဝေးလာတက် ရခြင်း ဖြစ်ကြောင်း သျှမ်းသံတော်ဆင့် ကို သုံးသပ်ပြောဆိုထားခဲ့သည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ ခွဲထွက်ရေးလက်နက်ကိုင်လှုပ်ရှားမှုတွေ ၊ ပျောက်ကြားလှုပ် ရှား မှုတွေ ၊ နောက်ပြီးတော့ ဝါဒရေးရာနဲ့ သဘောတရားရေးရာ အပိုင်းတွေ ပါဝင်တဲ့လက်နက်ကိုင်လှုပ် ရှားမှုတွေနဲ့ ပတ်သက်တဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေက မြန်မာပြည် မြောက်ပိုင်းလို့ခေါ်တဲ့ ကချင်ပြည် နယ်အတွင်းမှာ တည်ရှိနေတယ်။  KIA/KIO ရဲ့အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ တောက်လျှောက် ရပ်တည်ခဲ့တယ်ပေါ့။တိတိကျကျ ပြောရရင် ၁၉၆၀ ဝန်းကျင် ခုနှစ်တွေကစပြီး တောက် လျှောက်ရပ်တည်လာ ခဲ့တာကိုး ။ဆိုတော့ ဒီဘက်မှာကျတော့ ရခိုင်နဲ့ ၊ ရှမ်းနဲ့ အခြားအရပ်ဖက်အဖွဲ့အစည်း တွေ အများကြီးပါဝင်ကြ တယ်လေ။ နောက်ဆုံး Oversea နဲ့ပင်လယ်ရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင် ၊ ရွှေ့ပြောင်းနေထိုင်နေကြ တဲ့ ရခိုင် Community ( လူမှုအစုအဝန်း ) တွေ ၊ ရှမ်း Community ( လူမှုအစုအဝန်း ) တွေရဲ့ ဆက်သွယ်ရေး လမ်း ကြောင်းတွေက ရှိကြတာကိုး။ အမေရိကမှာလည်း ရှိတယ်။ ကနေဒါ၊ EU ဥရောပမှာလည်း ရှိကြတယ် ။ ဒီလိုပုံစံတွေထဲမှာ ပညာတတ်တွေလည်း ရှိတယ်လေ ။ ခေတ်မီတဲ့နည်းစနစ်တွေ လည်း ရှိတယ်။ ဒါတစ်ခုပေါ့ ။ နောက်တစ်ခုက မြန်မာပြည်ရဲ့ အနောက်ဖျားပေါ့ ။ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ အိန္ဒိယရဲ့စီမံကိန်းတွေ ၊ ပရောဂျက်တွေကို တိုက်ခိုက်မှုတွေကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း တချို့က လုပ်ခဲ့သည်ရှိသော် ၊ တခြားတစ်ဖွဲ့က လုပ်ခဲ့သည်ရှိသော် ၊ တခြားတစ်ဖက်မှာ လည်း တရုတ်ရဲ့ ပရောဂျက်တွေကို တိုက်ခိုက်ဖို့ တခြားစင်ပြိုင် ပြိုင်ဘက်အဖွဲ့အစည်းတွေကို ပြန်တွန်းအား ပေးတာမျိုး တွေလည်း ရှိကောင်းရှိလာနိုင်တယ်။ ဒါကပဋိပက္ခတွေမှာ ရှိလာနိုင်တယ် ။ တစ်ဖက်က တစ်ဖက်ကို လုပ်ရင် ၊ တစ်ဖက်က တစ်ဖက်ကို ပြန်တုံ့ပြန်ပြီး ပြန်လုပ်တာကို လှုံ့ဆော်တတ်တယ် ၊ အားပေးတတ်တယ် ။ ကောင်းတာကတော့ မြန်မာပြည်ကတော့ Global Powers တွေနဲ့ ဒေသဆိုင်ရာ Powers တွေရဲ့ အင်အားယှဉ် ပြိုင် မှုမှာ မြန်မာပြည်ကကြားခံပစ္စည်းတစ်ခု မဖြစ်သင့်ဘူး ။ အခုက Proxy War တစ်ခု ၊ တစ်ဆင့်ခံရုပ်သေး နယ်ရုပ်စစ်ပွဲ တစ်ခုလိုဖြစ်နေတယ် ။ ဒါက မြန်မာပြည်ရဲ့ အခြေအနေအရ ။ အဲ့တော့ ရှမ်းပြည်နယ်ထဲမှာ ဆိုလို့ရှိရင် အမေရိကန် ၊ EU တွေက ချပေးတဲ့ Projects ( စီမံချက် ) တွေ ၊ Grants ( အကူအညီထောက်ပံ့မှု ) တွေအနေနဲ့ အလုပ်လုပ်တယ် ။ NGOs, INGO တွေနဲ့ဆက်စပ်ပြီး ၊ အရပ်ဖက်အဖွဲ့အစည်းတွေ (CSOs) တွေ ၊ ရပ်ရွာလူမှုအစုအဝန်းအခြေပြုအဖွဲ့ အစည်းတွေ (CBOs) လည်း ရှိကြပါတယ်။ ရှိကြတော့ အပြန်အလှန်ဆွေး နွေးချက်တွေနဲ့ သူတို့ကြုံတွေ့ရတဲ့ အခါ သူတို့ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ ဒီကြေညာချက် ထွက်လာတယ် လို့မြင်တယ်”ဟု ၁၉၉၆-၁၉၉၈ လှုပ်ရှားမှုမျိုးဆက် မှ ဦးရဲကျော်စွာ က ပြောသည်။

ယင်းအပြင် ၎င်းက“( ကြေညာချက် ထုတ်ပြန်တာ ) ဒါကတော့ လုပ်ရမယ့် ကိစ္စပါပဲ ။ ထုတ်ပြန်ချက် ၊ ကြေညာချက် သဘောထက် မြေပြင်မှာ လက်တွေ့ လုပ်ရမယ့်ကိစ္စပါ ။ နောက်တစ်ခုက ( ကာကွယ်စောင့်ရှောက်မှု ပေးဖို့ ) အဲဒါက နိုင်ငံခြား သား ခရီးသွား ၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုမှ မဟုတ်ဘူးလေ ။ မြန်မာနိုင်ငံသား ခရီးသွား ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတွေကိုပါ ကာကွယ်ပေးရမယ် ။ဥပမာ - ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ ၊ ရွာစဉ်လှည့်ပြီး ဈေး ရောင်းနေတဲ့ ဈေးသည်တွေကို ဗမာလူမျိုး ဖြစ်နေလို့ တချို့ " သတင်းပေး " လို့စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်တယ် ဆိုတဲ့ကိစ္စမျိုးတွေ  ၊ မြန်မာဘုန်းကြီးမို့လို့ ကျောင်းလာဆောက်တာကို မောင်းထုတ်တယ် ဆိုတဲ့ကိစ္စမျိုးတွေ ဒါတွေက မှားတယ်လေ ။နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူမှ မဟုတ်ဘူး ။နိုင်ငံခြားသား ခရီးသွားမှ မဟုတ်ဘူး။ မြန်မာနိုင်ငံသား ခရီးသွားဖြစ်နေရင်လည်း အကာအကွယ်ပေးရမယ် ။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြစ်နေ ရင်လည်း အကာအကွယ်ပေးရမှာပါပဲ ။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေဆိုရင် ငွေညှစ်လိုက်မယ် ။ ဆက် ကြေးကောက်လိုက်မယ် ။ ဆက်ကြေးမပေးရင် ဖမ်းပြီး သတ်ဖြတ်လိုက်မယ် ဆိုတာမျိုး လုပ်မယ် ။ နောက် မြန်မာနိုင်ငံသားခရီးသွားဆိုရင် အမျိုးမျိုးနဲ့ ရစ်မယ် ၊ ဖမ်းမယ်၊ မဟုတ်ကဟုတ်ကနဲ့ စွဲချက်တွေ တင်မယ် ။ ပြီးရင် သတ်ဖြတ်လိုက်မယ် ဆိုတာက ဒါမှားတာပေါ့ ။ ဒါက ဖြစ်တတ်တဲ့ ပြဿနာကို ပြောတာ ။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေ နဲ့အတူ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာက " ဘာလဲ " ဆိုရင် ရင်းနှီးမြှုပ်နှံ သူအချင်းချင်း တူရင်တောင် " ငါတို့က နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူကို ပိုကာကွယ်ပေးရမယ် " ဆိုတဲ့ ကျွန်အတွေးအခေါ် သိပ်ကြီးတယ် ။ခရီးသွားချင်းအတူတူ နိုင်ငံခြားသားခရီးသွား ၊နိုင်ငံခြားသား (Tour) ကို ငါတို့က ပိုကာကွယ်ပေးရမယ် ။ ပိုဂရုစိုက်ပေးရမယ်ဆိုတာက အဲဒါကလည်း " ကျွန်အတွေးအခေါ် " ပဲ ဖြစ်တယ် ။ ကိုလိုနီခေတ်ထဲက ၊ ဗြိတိသျှကိုလိုနီအောက်ထဲက ပုံသွင်းထားတဲ့ ကိုလိုနီကျွန်စိတ် ၊ အခုအထိအဲ ကျွန်စိတ်က လျော့မသွား တဲ့အပြင် ပိုပိုပြီးကြီးလာတဲ့အဓိပ္ပါယ်ပဲ ။ နိုင်ငံသားတိုင်းရော၊ နိုင်ငံခြားသားရော၊ ဧည့်နိုင်ငံသားရော၊ နိုင်ငံသားပြုခွင့်ရတဲ့သူရော ဘယ်နိုင်ငံသားမှ မဟုတ်သူရော ၊ ခရီးသွားမှန်သမျှ ၊ ရင်းနှီး မြှုပ်နှံသူမှန်သမျှ အကုန်လုံးကို ကာကွယ်ပေးရမှာ ဖြစ်ပါတယ် ။ တန်းတူညီတူ  အကာအကွယ်ပေးရမယ်”ဟု ထပ်လောင်း ပြောသည်။

ညီနောင် အဖွဲ့ ၃ ဖွဲ့ အနေဖြင့် ထုတ်ပြန်သည့်ထုတ်ပြန်ချက်မှာ ရိုးရှင်းသော ထုတ်ပြန်ချက် ဖြစ်ကြောင်းနှင့် ပြည်ပအဖွဲ့အစည်း လူပုဂ္ဂိုလ်တို့ အပေါ် ကာကွယ်မှုများပြုလုပ်ပေးမည်ဆိုသည့် အတိုင်း ပြည်တွင်း လုပ်ငန်းများကို ထိန်းသိမ်းကာကွယ်မှုမျိုးလည်း ပြုလုပ်သင့်ကြောင်း ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက တိုက်တွန်းပြောဆိုသည်။

 “ဒါက ရိုးရိုးလေးပါပဲ။ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်မယ်ဆိုတာမျိုးပြောသလိုပဲ ဒီအဖွဲ့အစည်းတွေက လည်း ဒီနိုင်ငံသားတွေ ဖြစ်တဲ့အတွက် ပြည်တွင်းမှာ လုပ်တဲ့လူတွေကိုကော မကာကွယ်သင့်ပေဘူးလားလို့ မရဲတရဲနဲ့ ပြောလိုက်ချင်ပါတယ်”ဟု ၎င်းက ပြောသည်။

+++++++