#Local_News
Published _14 September 2023


(၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး(20th AACC)ကို နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)ရှိ ပတ္တမြားခန်းမ၌ စက်တင်ဘာလ ၁၃ ရက်က ပြုလုပ်ရာ အာဆီယံနိုင်ငံများမှ လေတပ်ဦးစီးချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ အစည်းအဝေးသို့ ဘရူနိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Brig.Gen. (U) Dato Seri Pahlawan Mohammad Sharif Bin Dato Paduka Haji Ibrahim ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ် Gen. Soeung Samnang ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့၊ လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brig. Gen. Khamlek Sengphachanh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ လေတပ်ဦးစီးချုပ် Lt. Gen. Nguyen Van Hien ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

အစည်းအဝေးတက်ရောက်ရန် စက်တင်ဘာလ ၁၂ ရက်က ရောက်ရှိခဲ့ကြခြင်း ဖြစ်ပြီး တက်ရောက်လာသော နိုင်ငံများနှင့် နှစ်နိုင်ငံသီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ ယင်းတွေ့ဆုံစဉ် အာဆီယံလေတပ်ဖွဲ့များအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

 

(၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးတွင် " ASEAN Air Forces’ Cooperation for Sustainable Environment "အကြောင်းအရာကို အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် တက်ရောက်လာသည့် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များက အသီးသီး ဆွေးနွေးခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံနှင့် စင်္ကာပူနိုင်ငံလေတပ် ဦးစီးချုပ်များက Video Message ပေးပို့၍ ပါဝင်ဆွေးနွေးခဲ့ကြကာ သီးခြား ဆွေးနွေးလိုသော အချက်များကိုလည်း ရင်းနှီးပွင့်လင်းစွာဆွေးနွေး၍ အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြကြောင်း သိရသည်။

 

(၂၀)ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များ အစည်းအဝေး 20th ASEAN Air Chiefs Conference (20th AACC ) ကို မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် သဘာပတိ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် က (၂၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ် Gen.Soeung Samnang ထံသို့ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။



ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်မှ ၉ ရက်ထိ(၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး(20th AACC) ဆက်စပ်အစည်းအဝေးတစ်ခုဖြစ်သော (၁၀)ကြိမ်မြောက် အာဆီယံလေတပ်များပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး 10th ASEAN Air Forces Education and Training – Working Group Meeting( 10th AAFET-WG ) ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။

 

အဆိုပါအခမ်းအနားသို့ အာဆီယံ ၁၀ နိုင်ငံ လေတပ်များ၏ တက်ရောက်လာကြသော ကိုယ်စားလှယ်များက “Advancing Education and Training Exchanges for Sustainable Environment Amongst ASEAN Air Forces” အကြောင်းအရာကိုလည်း ဆွေးနွေးခဲ့ကြသေး‌ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကသိရသည်။

 

(၁၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (11th AACC) ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်‌တွင် နေပြည်တော်၌ မြန်မာနိုင်ငံက ပထမအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သေးသည်။

 

#Local_News #အကြိမ်၂၀မြောက် #အာဆီယံလေတပ်ဦးစီးချုပ်
#Yangon_Times / PP