၉ စက်တင်ဘာ ၂၀၂၃

စားသုံးဆီဈေးနှုန်းများကြီးမြင့်ခဲ့တဲ့အတွက် ထိုက်သင့်သည့် အရေးယူမှုတွေကို ဆောင်ရွက်ခဲ့ရတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

စက်တင်ဘာ ၉ရက် မနက်က ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေး စား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား လားရှိုးမြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြား တဲ့အခမ်းအနားမှာ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ယခုလို အသိပေးပြောကြားခဲ့တာဖြစ်တဲ့အကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

စားသုံးဆီဈေးနှုန်းများ ကြီးမြင့်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံ တော်အနေဖြင့် ကြပ်မတ်စီမံဆောင်ရွက်ခဲ့သော်လည်း ဝိသမလောဘသားများ၏ မတော်လောဘစိတ် များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိုက်သင့်သည့်ဈေးထက် မြင့်မားခဲ့တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။ ယခုအခါ ထိုက်သင့်သည့်အရေးယူမှုများကို ဆောင် ရွက်ခဲ့သဖြင့် ဈေးနှုန်းများပြန်လည်ကျဆင်းလာခဲ့တယ်လို့ နစက ဥက္ကဋ္ဌက ဆက် လက်ပြောဆိုပါတယ်။

ယင်းအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း ပို့ဆောင်ဆက်သွယ်မှုများ ပိုမို ကောင်းမွန်လာစေရေးအတွက် လားရှိုးလေဆိပ်၊ လေယာဉ် ပြေးလမ်းကို ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည့် ပြေးလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး အဆိုပါဆောင်ရွက်နေမှုများကို နစက ဥက္ကဋ္ဌက သွားရောက်စစ်ဆေး ကြည့်ရှုခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဗိုလ်ချူပ်မှူးကြီးက “လားရှိုး-မန္တလေး ရထားလမ်း ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ သကဲ့သို့ လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် ရထား လမ်းဖောက်လုပ်နိုင်ရေး အတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ ကားလမ်းကိုလည်း လေးလမ်း သွားအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်  လျက်ရှိ  ပြီး ဆက်လက်၍လည်း  ခြောက် လမ်းသွားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမယ် လို့လည်း ဗိုလ်ချူပ်မှူးကြီးက ဒေသခံတွေကိုအသိပေးပြောကြားခဲ့ပါတယ်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ပြည်နယ် အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းမြောက်)မှ တာဝန်ရှိသူများ၊ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် မြိုမိမြို့ဖများက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်များနှင့် ဆောင်ရွက်ပေးရန်လိုအပ်သည်များကိုတင်ပြခဲ့ကြပါတယ်။ အဲဒီတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးတွေက တစ်ခုချင်းအလိုက်ပြန်လည်ရှင်းလင်းခဲ့ကြတယ်လို့ နစက ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ၍ ရွေးကောက်ပွဲကို အစော ဆုံးကာလတွင် ပြန်လည် ကျင်းပနိုင်ရေးစီမံဆောင်ရွက်လျက်ရှိတယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကအသိပေးပြောဆိုခဲ့တယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ဒီမိုကရေစီလမ်းကြောင်း ပေါ်၌လျှောက်လှမ်းရာတွင် တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုရှိရေးကို မိမိတို့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်” လို့လည်း နစကဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။

ထို့အပြင်နစကဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၉ရက် မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်း  စစ်ဌာနချုပ်၊ လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များ အား တွေ့ဆုံခဲ့ပြီး နိုင်ငံရေး၊စီးပွားရေးနှင့်ကာကွယ်ရေးကိစ္စတွေ လမ်းညွှန်မှာကြားခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

-ymg/knl