Published:10 Nov 2021

လန်ချန်း-မဲခေါင်ပူး ပေါင်းဆောင်ရွက်မှုသည်မြန်မာနိုင်ငံပို့ကုန် တိုးမြှင့်ရန်အတွက် အရေးပါအခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟု ယုံကြည်​ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ​Mr. Chen Hai က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့တဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဆိုင်ရာ မြန်မာနိုင်ငံ စတုတ္ထအသုတ် စိုက်ပျိုးရေးစီမံကိန်းများ စတင်ခြင်းအခမ်းအနားမှာ တရုတ် သံအမတ်ကြီး Mr. Chen Hai က အထက်ပါအတိုင်း ​ပြောကြားခဲ့တာပါ။

အခမ်းအနားတွင် မြန်မာဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က "ပြီးခဲ့သည့်အပတ်က စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ၌ သမ္မတ Mr. Xi Jinping က တရုတ်နိုင်ငံသည် အဆင့်အတန်းမြင့်စွာ ကျယ်ကျယ်ပြန့်ပြန့် တံခါးဖွင့်လှစ်မည့် ဆုံးဖြတ်ချက်ကို ပြောင်းလဲမည် မဟုတ်ကြောင်း၊ ဘေးပတ်ဝန်းကျင်နိုင်ငံများ၏ သွင်းကုန်များကို တိုးမြှင့်မည် ဖြစ်သည်ကို ပြောကြားခဲ့​ကြောင်း​၊ ယင်းသည် မြန်မာနိုင်ငံ ပို့ကုန် တိုးမြှင့်ရန်အတွက် အရေးပါအခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟု ယုံကြည်​ကြောင်း" ပြောကြားခဲ့ပါတယ်။

အဆိုပါ လန်ချန်း-မဲခေါင်ပူး ပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ စိုက်ပျိုးရေးနည်းပညာ အဆင့်အတန်းမြှင့်တင်စေရန် ကူညီပေးခြင်းဖြစ်ပြီး လန်ချန်း-မဲခေါင်ရန်ပုံငွေသည် မြန်မာနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ သိပ္ပံနှင့်နည်းပညာ လူတော်လူချွန်များ ပျိုးထောင်ရေး၊ အရည်အသွေးမြင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရေး၊ တန်ဖိုးမြင့် လယ်ယာထွက်ကုန်များ အချောထည်စီမံပြုလုပ်ရေး စသည့်စီမံကိန်းများကို ထောက်ခံအားပေးပြီး မြန်မာ့လယ်ယာထွက်ကုန်များ အထွက်နှုန်းနှင့် အရည်အသွေး မြင့်မားစေရန် ထိရောက်စွာ ပံ့ပိုးပေးကာ တောင်သူလယ်သမားများ ဝင်ငွေတိုးလာစေရန် ကူညီပေးခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး က ဆိုပါတယ်။

လန်ချန်း-မဲခေါင်ရန်ပုံငွေဖြင့် မြန်မာနိုင်ငံအတွက် စီမံကိန်း ၇၂ ခု အကောင်အထည်ဖော်ဆောင်ရွက်ရန် စုစုပေါင်း ၄ ကြိမ် ထောက်ပံ့ပြီးဖြစ်ရာ မြန်မာနိုင်ငံသည် စီမံကိန်းအရေအတွက်နှင့် ငွေကြေးပမာဏ ထောက်ပံ့ရရှိမှု အများဆုံးနိုင်ငံဖြစ်တယ်လို့လည်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

၎င်းအနက် စိုက်ပျိုးရေးစီမံကိန်း ၂၈ ခုသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုယန္တရား၏ လက်တွေ့ကျထိရောက်သော၊ ပြည်သူလူထုဘဝကို ဦးစားပေးသော ထူခြားချက်များကို အပြည့်အဝ ထင်ဟပ်နေကြောင်း၊ စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုဘဝ ကောင်းမွန်လာစေရေးအတွက် များစွာအရေးကြီးကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အမြဲတမ်း ဂရုပြု ထောက်ခံအားပေးကြောင်း ကိုလည်း တရုတ်သံအမတ်ကြီး Mr. Chen Hai က ယ​နေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ထို့​နောက် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က "တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှတစ်ဆင့် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် လျော့နည်းစေရန် စဉ်ဆက်မပြတ် ကူညီပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းနိုင်ငံများ ကိုဗစ်-၁၉ ကပ်ရောဂါစိန်ခေါ်မှုကို ရင်ဆိုင်ရန်အတွက် ထိရောက်စွာကူညီပေးပြီး မြန်မာနိုင်ငံကျေးလက်ဒေသ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးထမ်းဆောင်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုမှ ပိုမိုကြီးမားသည့် အောင်မြင်မှုရလဒ်များရရှိရန် တွန်းအားပေးသွားလိုကြောင်း" ဆက်လက် ပြောကြားခဲ့ပါတယ်။

အခမ်းအနားအပြီးတွင် သံအမတ်ကြီး Mr. Chen Hai နှင့် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တို့အတူ အဖွဲ့ဝင်များက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မြန်မာနိုင်ငံ စိုက်ပျိုးရေးစီမံကိန်း အောင်မြင်မှုရလဒ်များပြပွဲကို လှည့်လည်ကြည့်ရှုခဲ့ပြီး တရုတ်-မြန်မာ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။