Published-9 Nov 2021

 

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိလိုက်စားမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၇၅ နှစ် အဖြစ်လည်းကောင်း၊ ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးသန်းနိုင်ကို ထောင်ဒဏ် နှစ် ၉၀ အဖြစ်လည်းကောင်း ကရင်ပြည်နယ်တရားလွှတ်တော်မှ ယနေ့ နိုဝင်ဘာလ ၉ ရက် နံနက်တွက် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

 

ဒေါ်နန်းခင်ထွေးမြင့်ကို စွဲဆိုထားသော အမှု ၅ မှုအတွက် တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်စီ ဖြင့် စုစုပေါင်း ထောင်ဒဏ် ၇၅ နှစ်  ၊ ဦးသန်းနိုင်ကို အမှုတစ်ခုလျှင် ထောင်ဒဏ် ၁၅ နှစ်စီ ဖြင့် အမှု ၆ မှု  အတွက် နှစ် ၉၀ ဟူ၍ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ ဖြင့် စွဲဆိုထားသော အမှုများ၊ ယခင်က ဆေးဝါးကုသစရိတ် ထုတ်သည့်ကိစ္စ၊ ကရင်ပြည်နယ် ကမ်းနားလမ်း သာယာလှပရေးကိစ္စ၊ အစိုးရကိုပေးသွင်းရမည့် ရန်ပုံငွေကို အစိုးရဘဏ်အကောင့်တွင် မထည့်ဘဲ ဖွံ့ဖြိုးရေးရန်ပုံငွေအနေဖြင့် ပုဂ္ဂလိကဘဏ်တွင် သီးခြားအကောင့်ဖြင့်ထည့်သည်ဆိုသော ကိစ္စ များဖြင့် ထောင်ဒဏ်ချမှတ်ခြင်း ဖြစ်ကြောင်းသိရသည်။

 

ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးသန်းနိုင်တို့ကို  နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ်နှစ်နှစ်ချမှတ်ထားသေးသည်။သို့သော်လည်း အဆိုပါ ပြစ်ဒဏ်ကိစ္စအတွက်

အထက် တရားရုံးများတွင် အယူခံဝင်ရန်မရှိကြောင်းလည်း သိရသည်။

 

အသက် ၆၇ နှစ်အရွယ်ရှိပြီ ဖြစ်သော  ဒေါ်နန်းခင်ထွေးမြင့်ကို ဖေဖော်ဝါရီလ တစ်ရက်က ထိန်းသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂-ရက် နံနက်တွင် ပြန်လွှတ်ကာ ဖေဖော်ဝါရီလ ၇ ရက်တွင် ပြန်လည် ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။