၅ စက်တင်ဘာ ၂၀၂၃

ယခုနှစ်မိုးရာသီတွင် သစ်ပင်ပေါင်း ၂၄ သန်းကျော် စိုက်ပျိုးထားပြီးဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ယနေ့ စက်တင်ဘာ (၅)ရက်က နေပြည်တော်တွင်ကျင်းပခဲ့တဲ့ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတစ်ခုတွင် ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

အဆိုပါသစ်ပင်သစ်များစိုက်ပျိုးရာတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများလည်း ပါဝင်တယ်လို့သိရပါတယ်။

 

ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့ အပါအဝင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြို့နယ် ၁၀ မြို့နယ်ကိုပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သဘာဝဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်ရန်အတွက်

သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းကို အရှိန်အဟုန်ဖြင့်‌ ဆောင်ရွက်နေတယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောကြားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ယင်းအပြင် မိုးလေဝသခန့်မှန်းချက်များအရ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ခုနှစ် မတ်လကာလအတွင်း . အယ်လ်နီညိုဖြစ်စဉ်များ ကြုံတွေ့ရမည်ဟုသိရှိရပါကြောင်း၊ ယခင်အတွေ့အကြုံများအရ မိုးခေါင်ရေရှားခြင်းနှင့် ပူပြင်းခြောက်သွေ့ခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ပူပြင်းခြောက်သွေ့ ဒဏ် ခံနိုင်မှုရှိစေရေးနှင့် ရေပြတ်လပ်

မှုမရှိစေရေး ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်သွားကြရန်လည်း လိုအပ်ပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက သတိပေး မှာကြားခဲ့ပါတယ်။

 

မြန်မာနိုင်ငံအတွင်း ဖောက်လုပ်ထားရှိသည့် အဓိကလမ်းမကြီးများဖြစ်သည့် အာဆီယံလမ်းမကြီးများ၊ ရန်ကုန်-

မန္တလေး အမြန်လမ်းမကြီးနှင့် ရထားလမ်းများတစ်လျှောက် စိမ်းလန်းစိုပြည်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး သစ်ပင်များစိုက်ပျိုး ဆောင်ရွက်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

 

ယခု တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် နေပြည်တော် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊

ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၃)အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်း၊မိုင်တိုင်အမှတ် ၂၀၄ မိုင် ၁ ဖာလုံမှ မာရဝိဇယဘုရား အဝင်လမ်းဝဲယာတွင် ကံ့ကော်၊ ခရေ၊ ကျွန်း၊ ပိတောက် စသည့်သစ်မျိုးများအပါဝင် သစ်မျိုး ၁၅မျိုး၊ အပင်ပေါင်း ၂၅၂၀ ပင်ကို စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။

 

ယခုသစ်ပင်စိုက်ပျိုးပွဲတွင် နစက ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်မျာနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် ဝန်ကြီး ဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများက  လူထုလှုပ်ရှားမှုအသွင်ဖြင့်စိုက်ပျိုးခဲ့တာလို သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

-ymg/knl