#Local_News

Published-3-September-2023

“ဟိုက်ကွေး"အမည်ရှိ တိုင်ဖုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းများတွင် မိုးပိုကြီးလာနိုင်ဟု  မိုး/ဇလ ယနေ့တွင် သတိပေးထားသည်။

 

ယနေ့ နံနက်ပိုင်း၌  ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော "ဟိုက်ကွေး"အမည်ရှိ တိုင်ဖုန်းမုန်တိုင်းသည်အနောက်မှ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေရာမှ ညနေပိုင်းအချိန်တွင် ထိုင်ဝမ်ကျွန်းအ‌ရှေ့ပိုင်းကို စတင်ဖြတ်ကျော် လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

ဟိုက်ကွေး မုန်တိုင်းကြောင့် ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ် တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ကြောင်း ဆိုသည်။

 

ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ထုတ်ပြန်ထားသည်။

 

အဆိုပါ မုန်တိုင်းအရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေကြောင်း သိရသည်။

 

ယင်းအတွက်  ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း တတနင်္သာရီကမ်းရိုး တန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအခြေအနေမှာ ရေပြင်လေသည် တစ်နာရီ ပင်လယ်မိုင် (၃၅)မိုင်အထိ တိုက်ခတ်ကာ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် (၈) ပေမှ (၁၀)ပေခန့်အထိရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

 

အလားတူ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်  ပင်လယ်ပြင်ခရီးအခြေအနေမှာ ရေပြင်လေသည် တစ်နာရီ ပင်လယ်မိုင် (၃၀)အထိထိုက်ခတ်၍လှိုင်းအသင့်အတင့်ရှိကာ လှိုင်းအမြင့်မှာ(၅)ပေမှ (၇)ပေခန့်ထိရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

#YMG/my #Local_News #“ဟိုက်ကွေး"အမည်ရှိ တိုင်ဖုန်းမုန်တိုင်း #မိုး/ဇလ သတိပေး
#Yangon_Times