၁ စက်တင်ဘာ ၂၀၂၃

လာမည့် အထွေထွေရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစနစ်ဖြင့် စနစ်  တကျ မဲပေးနိုင်ရေး ဆောင်ရွက်မယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောပါတယ်။

ယနေ့ စက်တင်ဘာ (၁)ရက်က နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်းအဝေး  ခန်းမ၌ ကျင်းပတဲ့ နစက ကောင်စီအစည်းအဝေး(၃/၂၀၂၃)မှာ  နစကဥက္ကဋ္ဌ၊ နိုင်ငံတော်  ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကားပြောကြားရာမှာ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

“လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲစာရင်းကောက်ယူခြင်းလုပ်ငန်းများနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံး စနစ်တကျ မှန်မှန်ကန်ကန် မဲပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်လျက်ရှိကြောင်းနှင့်  ဆန္ဒမဲပေးရာ တွင်လည်း လုံခြုံစိတ်ချရသည့် အီလက်ထရောနစ် မဲပေးစနစ်ဖြင့် စနစ်တကျမဲပေးနိုင် ရေးဆောင်ရွက်ပေးသွားမည်ဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့တာဖြစ်ပါ တယ်။

အဲဒီ့အပြင် နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ စနစ်တကျရှိစေရေးအတွက် လိုအပ် သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ပေးသွားမယ်လို့လည်း နစက ဥက္ကဋ္ဌက ထုတ်ဖော် ပြောဆိုပါတယ်။

လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ  တစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ် အေးချမ်းမှု  ရှိစေ ရေး  ဆောင်ရွက်သွားရမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။ တစ်နိုင်ငံလုံး အကြားအလပ် မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး မဲစာရင်းအခြေခံအချက်အလက်များ မှန်မှန်ကန်ကန် ဖြစ်အောင် ပြန်လည်ပြုစုရမှာ ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်  ချက်မှာဖော်ပြထားပါတယ်။

မဲစာရင်းကောက်ယူ သည့် တာဝန်ရှိသူများကို အနှောင့်အယှက်ပေးနေမှုများ ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မဲစာရင်းကောက်ယူမှု မပြုနိုင်သေးသည့် မြို့နယ်အချို့ရှိနေတယ်လိုလည်းဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။အဲဒါကြောင့်မဲစာရင်းများ အပြည့်အဝကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမယ်လို့ဆိုပါတယ်။

နစက၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင် ဖြစ်တဲ့အတွက် အဆိုပါရွေးကောက်ပွဲ   တစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ် အေးချမ်းမှု  ရှိစေရေး  ဆောင်ရွက်သွားရမယ်လို့လည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တက်ရောက်လာတဲ့ ကောင်စီဝင်များကလည်း နောင်ကျင်းပမည့် ရွေးကောက်ပွဲ များတွင် ကြုံတွေ့ရနိုင်သည့် မဲစာရင်းဆိုင်ရာ မှားယွင်းမှုများနှင့် မဲမသမာမှုများ မဖြစ်  ပေါ်စေရေး ဥပဒေပြဋ္ဌာန်း၍ ကြပ်မတ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ  နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

-ymg/knl