#Local_News
Published_ 1 September 2023


ဘရာဇီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် ဘရာဇီးနိုင်ငံဆောင်ပါလိုပြည်နယ်သို့သွားရောက်ခဲ့ပြီး မြန်မာ-ဘရာဇီးနှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကိုသွားရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ခရီးစဉ်အတွင်း သံအမတ်ကြီးသည် ဩဂုတ်လ(၂၈)ရက်တွင် ဆောင်ပါလိုကုန်သည်ကြီးများအသင်း (ACSP) ဥက္ကဋ္ဌ Roberto Mateus Ordine နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့်ဘရာဇီးလ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များအကြား တိရိစ္ဆာန်ထွက်ကုန်ပစ္စည်းနှင့် အစားအစာများ၊ အထည်အလိပ်နှင့် ဖိနပ်ထုတ်လုပ်ရေးကဏ္ဍများတွင် B2B ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အွန်လိုင်းဆွေးနွေးပွဲတစ်ရပ်ကျင်းပရေးအပါအဝင်UMFCCIနှင့်ACSPတို့ အကြား လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် နားလည်မှုစာလွှာပါသတ်မှတ်ချက်များနှင့်အညီလက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

 

အဆိုပါတွေ့ဆုံဆွေးနွေးမှုသို့ ဆောင်ပါလိုမြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Ricardo Cateb Cury ၊ ACSP ဒုတိယဥက္ကဋ္ဌ Mr. Alfredo Cotait Neto နှင့် ACSP ၏ နိုင်ငံခြားရေးရာအထူးအကြံပေး Mauricio Manfre တို့လည်း ပါဝင်တက်ရောက်ခဲ့သည်။

 

Embraer လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ၏ ဖိတ်ကြားချက်အရ အာဆီယံ-ဘရာဇီးလျား ကော်မတီ၏ အစီအစဉ်ဖြင့် ၂၉-၈-၂၀၂၃ ရက်နေ့တွင် သံအမတ်ကြီးသည် ဘရာဇီးလျားမြို့ အခြေစိုက် အာဆီယံသံရုံး အကြီးအကဲများ၊ အဖွဲ့ဝင်များနှင့်အတူ Embraer ကုမ္ပဏီ၏ လေယာဉ်ထုတ်လုပ်မှုလုပ်ငန်းရပ်များ တည်ရှိရာ ဆောင်ပါလိုပြည်နယ်၊ ဆောင်ဂျိုဆဲဒို့စ်ကမ်းပို့စ်မြို့သို့ သွားရောက်၍ ကုမ္ပဏီ၏တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး၊ Embraer ကုမ္ပဏီ၏ လေယာဉ်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို သွားရောက်လေ့လာကြည့်ရှုခဲ့ပါသည်။

 

အဆိုပါဆွေးနွေးမှုအတွင်း Embraer ကုမ္ပဏီတာဝန်ရှိသူများက အရှေ့တောင်အာရှဒေသရှိ လေကြောင်း လိုင်းများတွင် Embraer ကုမ္ပဏီမှထုတ်လုပ်သည့် ခရီးသည်တင်လေယာဉ်များ၊ နောက်ဆုံးထုတ် E-2 အမျိုးအစားလေယာဉ်များ ပျံသန်းပြေးဆွဲမှုအခြေအနေ၊ Embraer ကုမ္ပဏီ၏ ဈေးကွက်ပိုင်ဆိုင်မှုနှင့် ချဲ့ထွင်နိုင်မှုအလားအလာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

 

ယင်းအပြင် မြန်မာသံအမတ်ကြီးနှင့် ဆောင်ပါလိုပြည်နယ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်အိုးအိမ်ဌာန၊ Secretary Marcelo Brancoတို့တွေ့ဆုံစဉ် ၎င်းက ဆောင်ပါလိုပြည်နယ်၏ အိမ်ရာတည်ဆောက်မှုအပါအဝင် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

 

#tthl #Local_News #မြန်မာ-ဘရာဇီးနှစ်နိုင်ငံ #ဘရာဇီးလေယာဉ်ထုတ်လုပ်မှု
#Yangon_Times