#Local_News
Published_ 1 September 2023


Facebook Pageလူမှုကွန်ရက်ပေါ်တွင် ဒေါ်လာနှင့်နိုင်ငံခြားငွေရောင်းသူများကို အသွင်ယူဖမ်းဆီးစစ်ဆေး အရေးယူနေကြောင်းနှင့် ပြည်တွင်းနေထိုင်သူများအနေဖြင့် နိုင်ငံခြားငွေကို(၆)လအတွင်းသာကိုင်ဆောင်ခွင့်ရှိပြီး (၆)လကျော်ရင်ရောင်းချလဲလှယ်ရမည်ဖြစ်ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်websiteတွင်ထုတ်ပြန်လိုက်သည်။

 

၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် အဆိုပါ Facebook Page မှတစ်ဆင့် အမေရိကန် ဒေါ်လာရောင်းချသူ တစ်ဦးကို သက်သေခံပစ္စည်း များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လိုအပ်သည်များ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

 

ထုတ်ပြန်ချက်တွင်Facebook အစရှိသည့် လူမှုကွန်ယက်စာမျက်နှာများဖြစ်သော “ဒေါ်လာ Dollar Buy/Sell Market and News” နှင့် “ယူရို၊ဒေါ်လာ ရောင်းဝယ်ပို့ဆောင်လိုသူများ စုံစည်းရာ Euro Dollar Trading Group” စသည့် Facebook Page များမှတစ်ဆင့် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ နှင့်ညီမျှသော မြန်မာကျပ်ငွေအား တရားဝင်ပေါက်ဈေးထက်ကျော်လွန်၍ ဈေးနှုန်းအမျိုးမျိုးများ သတ်မှတ်၍ တရားမဝင် ရောင်းဝယ်မှုများပြု လုပ်လျက်ရှိကြောင်း တွေ့ရှိရကြောင်း၊ အဆိုပါရောင်းဝယ်မှုများသည် တရားမဝင်ရောင်းဝယ်မှုများဖြစ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် ညီညွတ်ခြင်းမရှိသဖြင့် သက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေးအဖွဲ့များက လိုအပ်သလို အသွင်ယူစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဖော်ထုတ်အရေးယူလျက်ရှိကြောင်း၊
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၉ အရ နိုင်ငံတော်တွင် နိုင်ငံခြားသုံးငွေရောင်းဝယ်မှုလုပ်ငန်းများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများ ကသာ ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြားသုံးငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရရှိသူ များသည် နိုင်ငံခြားငွေ ငွေသားနှင့် ခရီးသွားချက်လက်မှတ်များကိုသာ ရောင်းဝယ်ခွင့်ရှိကြောင်းဖော်ပြထားသည်။

 

ယင်းအပြင်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ် ၁၅ တွင် “ပြည်တွင်း၌ နေထိုင်သူတစ်ဦးသည် တရားဝင်နည်းလမ်းဖြင့် ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀/-အထိ သို့မဟုတ် ယင်းနှင့် ညီမျှသော ငွေထက်မပိုသော နိုင်ငံခြားငွေများကို လက်ခံရရှိသည့်နေ့မှ ၆ လအတွင်း ကိုင်ဆောင်ခွင့်ရှိကြောင်း၊ အဆိုပါ ၆ လကာလကျော်သည်အထိ အသုံးမပြုဘဲရှိနေသည့် နိုင်ငံခြားငွေများအား နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချလဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်းသို့ ထည့်သွင်းခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ဖော်ပြထားသည်။



သို့ပါ၍ အများပြည်သူများအနေဖြင့် နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါတွင် မိမိနှင့်အတူပါလာသည့် နိုင်ငံခြားသုံး ငွေများအား Declaration ပြုလုပ်ဆောင်ရွက်သွားရန် နှင့်တရားဝင် လိုင်စင်ခွင့်ပြုထားသော နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း လိုင်စင်ရရှိသူများနှင့် နိုင်ငံခြားသုံးငွေဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရရှိသူများထံတွင်သာ နိုင်ငံခြားသုံးငွေများ လဲလှယ် ဝယ်ယူရောင်းချသွားရန် အသိပေး ကြေညာကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

#tthl #Local_News #အွန်လိုင်းပေါ်တွင်ဒေါ်လာရောင်းသူ
#Yangon_Times