#Local_News
Publish 29 August 2023


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် (၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်မှာရှိတဲ့ ဆန်ရောင်းဝယ်ရေးရုံးခန်းကို (သြဂုတ် ၂၈ ရက်) နေ့လည်ပိုင်းက ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၂၀၀ခန့် ပါသွားကြောင်း အနီးနားနေထိုင်သူများထံက သိရသည်။

 

"ဓားပြအတိုက်ခံရတာက "သုခရှင်" ဆန်ရောင်းဝယ်ရေးရုံးခန်းပါ၊ ဝန်ထမ်းတွေရှိနေတဲ့ကြားကနေပဲ Mask တပ်ပြီး ဦးထုပ်ဆောင်းထားတဲ့ လူ(၆) ဦးကဓားပြတိုက်သွားတာ။ ပိုက်ဆံသိန်း၂၀၀နီးပါး ပါသွားတယ်လို့တော့ ပြောနေကြတယ်။" ဟု ဖြစ်စဉ်အနီး နေထိုင်သူတစ်ဦးကပြောသည်။

 

အဆိုပါ လူ(၆)ဦးမှာ (၁)ပေခန့်ရှည်တဲ့ ဓါးတွေနဲ့ရုံးခန်းအတွင်းဝင်ရောက်လာပြီး ဝန်ထမ်းများကိုခြိမ်းခြောက်ကာ မီးခံသေတ္တာအတွင်းမှ ငွေကျပ်သိန်း (၂၀၀) နီးပါးအပြင် ဝန်ထမ်းတစ်ဦးရဲ့ လက်ကိုင်ဖုန်းတစ်လုံးကိုလည်း လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

 

ယခုဖြစ်စဉ်နှင့် ပက်သက်ပြီး ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း၊ ယခုနံနက်ပိုင်းအထိ တရားခံများကို ဖမ်းမိမှုမရှိသေးကြောင်း သိရသည်။

 

#YMG/LW #ဓားပြတိုက်ခံရ #ဆန်ရောင်းဝယ်ရေးရုံးခန်း
#Yangon_Times