#Local_News
Published_ 28 August 2023


လျှပ်စစ်သုံး EVကား အသုံးပြုသူနှစ်ဦးမှဇီးရိုးမိုင်နှင့် (115) မိုင်ရှိ Charging Station များတွင် EV ကားအားသွင်းသည့် Charger(CCS2 Chargers) အသုံးပြုမရသဖြင့် စားသုံးသူရေးရာဦးစီးဌာန(DOCA)ကို တိုင်ကြားလာသောကြောင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

တိုင်ကြားသူ (၂) ဦးသည်ဇွန်လ(၃)ရက်တွင် ရန်ကုန်မှနေပြည်တော်သို့ MG ZS EVကားဖြင့်လည်း ကောင်း၊ ဇွန်လ(၄)ရက်နေ့တွင် ရန်ကုန်မှ မန္တလေးသို့ MG4 EVကားဖြင့်လည်းကောင်း အသီးသီးခရီးထွက်လာခဲ့ရာလျှပ်စစ် ကားများဖြင့်ခရီးသွားရာတွင် အားသွင်းရန်အတွက် အဓိကမိုင်တိုင်များဖြစ်သည့် (0) မိုင်နှင့် (115) မိုင်တိုင်ရှိ Charging Stationများတွင် EV ကားများဝင်ရောက်အားသွင်းရာ CCS2 Charger များမှာအသုံးပြု၍ မရဘဲ ချို့ယွင်းနေသည့်အတွက် အမြန်ဆုံးစစ်ဆေးပြင်ဆင်ပေးပါရန် Email မှတဆင့်ဇွန်(၂၇)ရက်တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

 

ယင်းတိုင်ကြားမှုနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)က ဥက္ကဌ၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်၊ ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်း ကော်မတီသို့ သက်ဆိုင်ရာကုမ္ပဏီများသို့ အမြန်ပြင်ဆင်ပေးနိုင်ရေး ညွှန်ကြားပေးနိုင်ပါရန် တင်ပြဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါတိုင်းကြားမှုအပေါ် စိစစ်ဆောင်ရွက်ရာ 0 မိုင်၊ ၁၁၅ မိုင်တိုင်ရှိ Charger များတွင် MG ZS Model တံဆိပ်ကားများမှာ အားသွင်းမှုမရသည့် Software စနစ်ချိုယွင်းနေခြင်းဖြစ်ပြီး သက်ဆိုင်ရာကုမ္ပဏီမှ နိုင်ငံခြားသားပညာရှင်များနှင့် ဆက်သွယ်၍ EV Chargers များ၏ Software များအား Upgrade ပြုလုပ်ပြီးဖြစ်သောကြောင့် MG ZS Model တံဆိပ်ကားများ အားသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ယခုတပ်ဆင်ထားသော Charger များထက် အဆင့်မြင့်အမျိုးအစား ဖြစ်သည့် Autel Digital Power Co., Ltd မှ ထုတ်လုပ်သည့် Autel Brand 60 KW CCS2 Dual Gun Chargers (2 Units) နှင့် Autel Brand 120 KW CCS2 Dual Gun Charger (1 Units)များကို အစားထိုး လဲလှယ်နိုင်ရေး ဆောင်ရွက်နေကြောင်း၊ အစားထိုးလဲလှယ်မည့် CCS2 Autel Chargers များအား တပ်ဆင်နိုင်ရန်မှာယူ တင်သွင်းမှုဆောင်ရွက်နေစဉ် ကာလအတွင်း ယခုအသုံးပြုနေသော CCS2 Chargers များနှင့် အားသွင်းမရသော ကားများရှိလာပါက အရေးပေါ် အားသွင်းပေးနိုင် ရန် CCS2 11 KW AC Level 2 Chargers များကို 0 မိုင်၊ ၁၁၅ မိုင်နှင့် ၂၀၁ မိုင်တိုရှိ Charging Station များတွင် တပ်ဆင်ဆောင်ရွက်ပြီး ဖြစ်ကြောင်း အကြောင်းပြန်ကြားလာသည်ဟုဆိုသည်။

 

စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူများသို ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသိပေးရှင်းလင်းပြန်ကြားခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်းဖော်ပြထားသည်။

 

#tthl #Local_News #EV ကား #Chargerအသုံးပြုမရ #DOCA မှဖြေရှင်းဆောင်ရွက်
#Yangon_Times