၂၇ ဩဂုတ် ၂၀၂၃

 

မြန်မာနိုင်ငံ ရန်ကုန်မြို့အခြေစိုက် တီမောလက်စ်တေနိုင်ငံသံရုံးတာဝန်ခံနှင့်အဖွဲ့ဝင်တွေအားလုံးကို မြန်မာနိုင်ငံမှ စက်တင်ဘာ (၁)ရက်နေ့ နောက်ဆုံးထား အပြီးထွက်ခွာပေးရန် မြန်မာနစကအစိုးရက  အကြောင်းကြားလိုက် ကြောင်းသိရပါတယ်။

 

“ တီမောလက်စ်တေနိုင်ငံသံရုံးတာဝန်ခံနှင့် အဖွဲ့တွေကို မြန်မာနိုင်ငံမှ စက်တင်ဘာ(၁)ရက်နေ့နောက်ဆုံးထားပြီး မြန်မာနိုင်ငံကနေ အပြီးထွက်ခွာဖို့ အကြောင်းကြားပါမယ်။အဲဒီအကြောင်းကြားစာလည်း မကြာခင်ထွက်ပါမယ်” ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက Yangon Times ကိုပြောကြားပါတယ်။

 

“အဓိကအကြောင်းရင်းကတော့ တီမောအနေနှင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ပေါ်ပေါ်ထင်ထင်ဝင်ရောက် နှောက်ယှက်တယ်။ အချုပ်အခြာအာဏာကိုထိပါးစော်ကားတဲ့ပုံစံမျိုးရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ့် ကိစ္စတွေကို အမြဲတမ်းအားပေးဆောင်ရွက်တာတွေကြောင့်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တီမောက အမြဲတမ်းပြောတယ်။ မြန်မာနိုင်ငံရေးကို  အာဆီယံက မဖြေရှင်းနိုင်ရင် အာဆီယံထဲဝင်ဖို့စဉ်းစားမယ်လို့ပြောတယ်။ ဒီပြောကြားချက်က ပြောင်းပြန်ပြောကြားချက်ပဲ။ အာဆီယံထဲသူဝင်ဖို့ဆိုတာ အာဆီယံ (၁၀)နိုင်ငံလုံး အာဆီယံရဲ့ ပဋိဉာဉ်တစ်ခုလုံးက  စုံညီသဘောတူမှုရှိရမယ်။ (၁၀)နိုင်ငံလုံးသဘောတူမှရတာဖြစ်တယ်။ မြန်မာနိုင်ငံကိုယ်စားပြု မပါဝင်တဲ့ အာဆီယံအစည်းအဝေးက သူ့ကိုအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုလို့ကိုမရဘူး။ဒါကိုအကြောင်းရှာပြီး လုပ် ခြင်းဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။