၂၅ ဩဂုတ် ၂၀၂၃

ကုန်ဈေးနှုန်းများမြင့်တက်စေရန်အတွက် အချို့ ဝိသမလောဘသမားများ၏ဈေးကစားနေမှုများရှိတဲ့အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရွက်ပေးကြဖို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။

ဩဂုတ် ၂၅ ရက် မနက်က နစက ဥက္ကဋ္ဌရုံး၌ကျင်းပတဲ့ နိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေးတွင်  စီးပွားရေးရာကော်မတီ ဥက္ကဋ္ဌ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် ယခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီအပြင် ဗိုလ်ချုပ်မှူးကြီးက ငွေကြေးဈေးကွက်ကို ပြည်တွင်းကျပ်ငွေ၊နိုင်ငံခြားငွေနှင့်  ရွှေကိုင်ထားကြသူများက အဓိကဈေးကစားနေကြတယ်လို့ ပြောဆိုခဲ့ပါတယ်။

နိုင်ငံခြားငွေကိုင် ထားသူများက၎င်းတို့ နိုင်ငံခြားငွေတန်ဖိုးတက်စေရန်၊ မြန်မာကျပ်ငွေကိုင်ထားသူ များကရွှေဝယ်၍ ရွှေဈေးတက်အောင်ဆောင်ရွက်နေကြသည်ကိုတွေ့ရတယ်လို့လည်း နစက ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားပါတယ်။

အလားတူ မော်တော်ယာဉ်များ၏ ဈေးနှုန်းမှာလည်း ထိုက်သင့်သည့်ဈေးထက်များပြားနေသည်ကိုတွေ့ရကြောင်း၊ ငွေကိုင်ထားသူများအနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိမည့်စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံခြင်းထက် ငွေရလွယ်ပြီးအမြတ်များများရနိုင်မည့်လုပ်ငန်းများကိုသာ လုပ်ကိုင်လိုခြင်းကိုလည်း နည်းမှန်လမ်းမှန်ဖြစ်အောင် ပြုပြင်ဆောင်ရွက်ရမယ်လို့လည်း ဗိုလ်ချုပ်မှူုးကြီးက ပြောပါတယ်။

အဲဒါကြောင့် နိုင်ငံခြားငွေများနှင့်  ရွှေဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးအတွက် မိမိတို့ကော်မတီအနေဖြင့် စနစ်တကျသုံးသပ်   ကိုင်တွယ်ဆောင်ရွက်ရန်လိုအပ်တယ်လို့လည်း ကော်မတီဝင်တွေကို ဥက္ကဋ္ဌက မှာကြားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရားမဝင်ငွေလွှဲလုပ်ငန်း(ဟွန်ဒီ)များဖြင့် ကုန်သွယ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေမှုများကို အိမ်နီးချင်းနိုင်ငံအချို့၌ စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိနေပြီး ယင်းလုပ်ငန်းသည့်နိုင်ငံ့စီးပွားရေးကို ထိခိုက်စေလျက်ရှိသဖြင့် မြန်မာနိုင်ငံမှာလည်း ဖော်ထုတ်အရေးယူဆောင်ရွက်ရန်လိုမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်စပ်ပြောဆိုပါတယ်။

နစကတာဝန်ယူချိန်တွင် စီးပွားရေးအရစတင်တိုက်ခိုက်ရာ၌ ဘဏ်များကိုအဓိကထားတိုက်ခိုက်ခဲ့လို့ ဘဏ်အချို့အခြေအနေဆိုးရွားခဲ့ရာမှာဘဏ်များပြိုလဲမှုမရှိစေရေး နိုင်ငံတော်မှထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ပေးခဲ့ရတယ်လို့ နစက ဥက္ကဋ္ဌက ပြန်ပြောင်းပြောဆိုပါတယ်။

ဒါပေမယ့် နိုင်ငံတော်က ထိုသို့ဆောင်ရွက်ပေးခဲ့သော်လည်း ဘဏ်အချို့၏ ဆောင်ရွက်မှုမှာ ၎င်းကာလကတည်းက သံသယ ရှိဖွယ်များ တွေ့ရှိရပြီး  ယခုအချိန်အထိလည်း အချို့ သော ဘဏ်များအနေဖြင့် ရိုးဖြောင့်စွ လုပ်ကိုင်ဆောင် ရွက်မှုမရှိသည်ကို တွေ့နေရလို့  ဘဏ်များ၏ လုပ်ဆောင်ချက်များကိုစနစ်တကျစောင့်ကြည့်  သုံးသပ်၍လုပ်ဆောင်ကြရမယ်လို့လည်း ဘဏ်များနှင့်ပတ်သက်၍ သတိပေးပြောကြားခဲ့ပါတယ်။

အစည်းအဝေးတွင် သက်ဆိုင်ရာ ဝန်ကြီးများက စီးပွာရေးရာများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အစည်းအဝေးသို့ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ၏ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

-knl/ymg