Published_ 21 August 2023

မလေးရှား နိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သား အများစုအနေဖြင့် အလုပ်အကိုင်မရရှိဘဲ နေထိုင်စားသောက်ရေးအတွက် အခက်အခဲများစွာကြုံတွေ့နေရကြောင်း မလေးရှား နိုင်ငံရှိမြန်မာလူမှုကူညီရေးအသင်းများ ထံမှသိရသည်။

တရားမဝင်ပြည်ပလုပ်သားများဖမ်းဆီးမှုများလာခြင်းအပြင် မလေးရှားနိုင်ငံအတွင်း  အလုပ်အကိုင်ရှား ပါးလာသောကြောင့် အထက်ပါအတိုင်း အခက်အခဲ ကြုံရခြင်း ဖြစ်သည်။

"ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းမှာ မလေးရှားမှာလည်း စီးပွားရေးကျဆင်းလာတယ်။

တရားဝင် အလုပ်လာလုပ်တဲ့သူ တွေတောင် အချိန်ပို ရလာတာ နည်းလာတယ်။

တရားမဝင် လုပ်သားကပိုဆိုးတာပေါ့။ အခုဆို အလုပ်ရှာပေး မယ်ဆိုပြီး ပွဲစားကပိုက်ဆံတွေလွှဲခိုင်းပြီးဖုန်းကိုဘလော့သွားတာတို့၊ စက်ရုံလိုက်ပို့တယ်ပြီး လမ်းမှာထားခဲ့တာတွေ  အော်ပရာစီဝင်လို့ ဖမ်းခံရတဲ့သူတွေ ဒုက္ခရောက်နေတဲ့ တရားမဝင်မြန်မာလုပ်သားတွေ အကြောင်း နေ့တိုင်းနီးပါးလိုကြားနေရတယ်။

နေဖို့စားဖို့အခက်ခဲဖြစ်လို့ လူမှုရေးအသင်းတွေထံ အကူညီတောင်းကြ တာတွေလဲရှိတယ်"ဟု ကပ်ပုန်း ၇ ရက်သားသမီးနာရေးကူညီမှုအသင်း(မလေးရှား)မှအဖွဲ့ဝင်တစ်ဦးက Yangon Times ကိုပြောသည်။

  မလေးရှားနိုင်ငံသို့ တရားမဝင် မြန်မာလုပ်သားဝင်ရောက်လာမှုမှာ လက်ရှိ ၂၀၂၃ ခုနှစ်တွင် ပိုမိုများပြား လာကြောင်း၊ မလေးရှားအစိုးရအနေဖြင့်လည်း တရားမဝင် ပြည် ပလုပ်သားများအတွက် အသိအမှတ်ပြု အထောက်အထားပါမစ်ကတ်ကို ၂၀၂၃ ခုနှစ် (၁၂) လပိုင်းအထိ ပြုလုပ်ပေးနေသော်လည်း ၂၀၂၂ ခုနှစ် (၁၀)လပိုင်းအတွင်း မလေးရှားနိုင်ငံသို့ရောက်ရှိနေသူများကိုပြုလုပ်ပေးခြင်းဖြစ်ကြောင်းသိရသည်။
YMG/LW
#Local_Times
#YMG #Yangon_Times