Published_ 21 August 2023

ငွေကျပ် ၂ ဒသမ ၉၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ မန္တလေးတွင် သြဂုတ်လ ၁၇ ရက်က ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၂ လမ်းနှင့် ၁၁၁ စီ လမ်းထောင့်ရှိ ဇော်မိုးလွင် (ခ) လာရွတ်ဆန်ငှာ၏ နေအိမ်ကို သတင်းအရရှာဖွေစဉ် နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၄၇ ကီလို၊ ဘိန်းဖြူ ၁၂၀ ဂရမ်နှင့် တရားမဝင်သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများပိုင်ရှင် အောင်သူအား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၉)ရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ချမ်းအေး သာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၆ လမ်းနှင့် ၂၇ အေ လမ်းထောင့်ရှိ နန္ဒကို (ခ) နန္ဒ၏ နေအိမ်ကိုရှာဖွေရာ ယင်းကို စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၆၁၂ သိန်း၊ ဘိန်းဖြူ ၂၇၀ ဂရမ်နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

သိမ်းဆည်းရမိသော ပစ္စည်းများမှာ အိုက်စ်(မက်သ်အဖက်တမင်း) ၄၇ ကီလို၊ ဘိန်းဖြူ ၃၉၀ ဂရမ်၊ စိတ်ကြွရူး သွပ်ဆေးပြား ၉ ဒသမ ၆၁၂ သိန်းနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန် တို့ ဖြစ်ကြောင်း သိရသည်။

ယခုအခါ ၎င်းတို့ ၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကိုလည်း စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း ၊ ယင်းအပြင် အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times