Published_ 12 August 2023

မန္လေးတိုင်း၊ မိတ္ထီလာမြို့ရှိ မိတ္ထီလာကန်ရေကျော်တောင်ကန်ဘက်အခြမ်း ဒေသအခေါ် ဦးသိန်းစိန်ဘုရားအနီးတွင် ယနေ့ ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက အသက်(၆၀)အရွယ်ခန့်ရှိ အဖိုးအိုတစ်ဦးရေနစ်သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။

ကနဦးတွင် ရေနစ်သေဆုံးသူအဖိုးအိုအား မည်သည့်အရပ်မှဖြစ်သည်ကိုမသိရှိရသေးခြင်းကြောင့် မိတ္ထီလာပြည်သူဆေးရုံရင်ခွဲရုံသို့ပို့ဆောင် ထားရကြောင်း ဆို သည်။

ယင်းနောက် ဒေသလူမှုကူညီရေးအဖွဲ့၏ ချိတ်ဆက် စုံစမ်းမှုကြောင့် မိသားစုနှင့် အဆက်အသွယ်ရရှိကာ သေဆုံးသူအဖိုးအိုမှာ ဦးထွန်းအောင်ဆိုသူဖြစ်ပြီး၊ အောင်ဇေယျာရပ်ကွက် အဝေးပြေးကားဝန်းအသစ်တွင် ညစောင့်အလုပ် လုပ် ကိုင်သူဖြစ်ကြောင်း သိရသည်။

"လူတစ်ယောက် ရေနစ်သေနေတာတွေ့လို့အကြောင်းကြားလာတာကြောင့် ကန်မှာသွားဆယ်ခဲ့တာပါ။

ရဲကတော့လောလောဆယ် သေမှုသေခင်းနဲ့ဘဲ အမှုဖွင့်ထားတယ်နေမှာပါ။ အလောင်းကို မိတ္ထီလာပြည်သူဆေးရုံကြီး ရင်ခွဲရုံမှာ ပို့ဆောင်ထားပါတယ်။"ဟု ဒေသအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက Yangon Times ကိုပြောသည်။

ပြီးခဲ့သော ဩဂုတ် (၈) ရက် ညနေပိုင်းကလည်း မိတ္ထီလာမြောက်ကန်အတွင်း စီးပွားရေးတက္ကသိုလ် မှ ပထမနှစ်ကျောင်းသား(၄)ဦး ရေဆင်းကူးရာမှ တစ်ဦး ရေနစ်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။
ဓာတ်ပုံ Kyaw Ko ko
Yangon Times/my
#Local_News
#YMG #Yangon_Times