#Local_News
Published_ 2 August 2023


အာဆီယံစီးပွားရေးဆိုင်ရာလုပ်ငန်းအစည်းအဝေးတွင် အာဆီယံဒေသတွင်းလျှပ်စစ်မော်တော်ယာဉ်(EV) အသုံးပြုမှုစနစ်နှင့်ဝန်းကျင်တစ်ရပ်ဖြစ်ပေါ်စေရေးဆိုသည့်အချက်ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

 

အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့်(၄၄) ကြိမ်မြောက်အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာအဆင့်မြင့် လုပ်ငန်းအဖွဲ့အစည်းအဝေးတွင်ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်၊၊

 

အစည်းအဝေးတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သည့် အာဆီယံဒေသဖြစ်လာစေရေး ကာဗွန်လျှော့ချ ရေးဆိုင်ရာ အာဆီယံဗျူဟာရေးဆွဲမှု၊ အာဆီယံဒေသတွင်း လျှပ်စစ်မော်တော်ယာဉ် (EV) အသုံးပြုမှုစနစ်နှင့် ဝန်းကျင်တစ်ရပ်ဖြစ်ပေါ်စေရေးဆိုသည့်အချက်များထည့်သွင်းဆွေးနွေးခဲ့သည်။

 

ယင်းကိစ္စရပ်များအပြင် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန်မျှော်မှန်းချက်ရေးဆွဲမှုတွင် အာဆီယံစီးပွားရေး အသိုက်အဝန်းအနေဖြင့် ထည့်သွင်းလိုသည့် ကိစ္စရပ်များ၊ အသစ်ထွက်ပေါ်လာသည့် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ ကိစ္စရပ်များ၊ အင်ဒိုနီးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ၂၀၂၃ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ခဲ့သည့် စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုးတက်မှုအခြေအနေ၊ အာဆီယံစီးပွားရေး အသိုက်အဝန်းပုံစံ ၂၀၂၅ အကောင်အထည်ဖော်မှုအပေါ် ဘက်စုံစောင့်ကြည့်လေ့လာရေး အကဲဖြတ်မှု၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ ဒေသတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအတွက် အာဆီယံအပြာရောင် စီးပွားရေးမူဘောင် (ASEAN Blue Economy Framework) ရေးဆွဲမှုနှင့် အာဆီယံ၏ ချုပ်ဆိုပြီးသော လွတ်လပ်သော ကုန်သွယ်မှုဒေသ အသုံးပြုမှု ( Utilization of FTAs) အခြေအနေများအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးပွဲကို မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်ပါဝင်တက်ရောက်ခဲ့ကြောင်းနှင့် လာမည့်(၄၅)ကြိမ်မြောက်အစည်းအဝေးမှစတင်၍ လာအိုနိုင်ငံမှ သဘာပတိအိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။



#tthl #Local_News #အာဆီယံဒေသတွင်း ကာဗွန်လျှော့ချရေး
#Yangon_Times