Published_ 28 July 2023

ရန်ကုန်ယူနိုက်တက် အသင်းအတွက် နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည့် ဂျာမနီနိုင်ငံသား ဂတ်ဇီက အသင်းအတွက် အကောင်းဆုံး အလုပ်လုပ်ပြသွားမည်ဖြစ်ကြောင်း ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်း ပရိတ်သတ်များကို ဂတ်ဇီက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

ဂတ်ဇီ က “ရန်ကုန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းမှာ နည်းပြရမယ်ဆိုတော့ ခံစားချက်လည်း ကောင်းတယ်။ အသင်းအတွက်အကောင်းဆုံးအလုပ်လုပ်ပြသွားပါမယ်။” ဟု ဆိုသည်။

အသင်းနည်းပြချုပ် ဂတ်ဇီသည် မြန်မာ နိုင်ငံသို့ လာမည့်  ဩဂုတ်လ ပထမအပတ်အတွင်း ရောက်ရှိမည်ဖြစ်သည်။

၎င်းအနေဖြင့် မြန်မာ ယူ-၁၉၊ ယူ-၂၀ နှင့် ယူ-၂၃ လက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့ပြီး၊၂၀၁၅ ခုနှစ် မှစတင်၍  မြန်မာ့လက်ရွေးစင်အသင်းဖြင့် သုံးနှစ်ကြာ လက်တွဲလုပ်ကိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

ဂတ်ဇီ က “ဒီအသင်းမှာက ကစားသမားကောင်းတွေရှိတယ်။ လက်ရွေးစင်ကစားသမား တွေလည်း များတယ်။ လက်ရှိထက်ပိုကောင်းအောင်လို့ သေချာပြင်ဆင်သွား ပါမယ်။ အသင်းကစားခဲ့တဲ့ပွဲတွေလည်း ကြည့်ပြီးသွားပါပြီ။ ပွဲတွေကြည့်ပြီး ဘယ်လိုနည်းလမ်းနဲ့ဆိုအသင်းအတွက် အကောင်းဆုံးဖြစ်မလဲ ဆိုတာကို ရှာနေပါတယ်။ ကစားသမားတွေ ဘောလုံးကစားရတာပျော်လာအောင်၊ သေချာကစားနိုင်လာအောင် ပြုပြင်ပြောင်းလဲသွားပါမယ်။” ဟု အသင်းအတွက် ရည်ညွှန်း၍ ထပ်မံပြောဆို ထားသည်။

ဂတ်ဇီသည် မြန်မာယူ-၂၀ အသင်းအား ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြတစ်ဦးလည်းဖြစ်သည်။
Yangon_Times/my
#Local_News
#YMG #Yangon_Times