Published_ 28 July 2023

ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် မြန်မာကုန်စည်များဖြစ်သည့် ကျောက်မျက်ရတနာများ၊ ရေထွက် ကုန်များနှင့် အသီးအနှံများကို ကုန်တင်လေယာဉ်များဖြင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရေးကိစ္စများကို မြန်မာနိုင်ငံပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၊စီချွမ်ပြည်နယ်၊ ချန်ဒူးဒေသမှစီးပွားရေးလုပ်ငန်းအဖွဲ့တို့ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဇူလိုင်(၂၇)ရက်ကနေပြည်တော်တွင် နစကအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးဒေသမှ ထောက်ပံ့ပို့ဆောင်ရေး၊ ရထားပို့ဆောင်ရေး၊ လေကြောင်းပို့ဆောင်ရေးနှင့် ဆိပ်ကမ်းလုပ်ငန်များပါဝင်သော စီးပွားရေးလုပ်ငန်းအဖွဲ့အားတွေ့ဆုံစဉ်ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

တွေ့ဆုံစဉ် ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် နယ်စပ်ဝင်ထွက်ပေါက်များတွင် လုပ်ငန်းများ လွယ်ကူချောမွေ့စေရေး၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ကျောက်မျက်ရတနာများ၊ ရေထွက်ကုန်များနှင့် အသီးအနှံများကို ကုန်တင်လေယာဉ်များဖြင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရေးနှင့် မြန်မာနိုင်ငံ၌ လေယာဉ်မောင်းသင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို နှစ်ဘက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနအကြီးအမှူးများ၊ ချန်ဒူးဒေသစီးပွားရေး လုပ်ငန်းအဖွဲ့ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times